ပါကစ္စတန်မှာ IS ရှိကြောင်း စစ်တပ် ဝန်ခံ

IS အဖွဲ့ဝင် ၃ဝဝ ကျော်ကို ဖမ်းဆီး ထားတယ် လို့လည်း ပါကစ္စတန် စစ်တပ်ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်ချုပ်ကြီး အာဆင်းမ် ဘာ့ဂ်ျဝါ က ပြော။
ပါကစ္စတန် နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရှိနေတယ် ဆိုတဲ့ အချက်ကို ပါကစ္စတန် အစိုးရ စစ်တပ်က ပထမဆုံး အကြိမ် အသိအမှတ်ပြု ပြောကြား လာပါတယ်။

ဒါပေမယ့် IS အဖွဲ့ ပါကစ္စတန် မြေပေါ်မှာ မကြီးထွား လာနိုင်အောင် ထိန်းချုပ် ထားနိုင်တယ် လို့ ဆိုပါတယ်။

ပါကစ္စတန် IS အဖွဲ့ ရဲ့ နောက်ကွယ်က ကြိုးကိုင်သူ နဲ့ တိုက်ခိုက်ရေး အဖွဲ့ ခေါင်းဆောင် အပါအဝင် IS အဖွဲ့ဝင် ၃ဝဝ ကျော်ကို ဖမ်းဆီး ထားတယ် လို့လည်း ပါကစ္စတန် စစ်တပ်ရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်ချုပ်ကြီး အာဆင်းမ် ဘာ့ဂ်ျဝါ က ပြောပါတယ်။

ဒါ့အပြင် မြို့တော် အစ္စလာမ်မာဘာ့ဒ် မှာ ရှိတဲ့ နိုင်ငံခြား သံရုံးတွေနဲ့ လေဆိပ်ကို တိုက်ခိုက် ကြမယ့် IS တွေရဲ့ အစီအစဉ်ကိုလည်း ကြိုတင် ဖော်ထုတ် ဟန့်တား နိုင်ခဲ့တယ်လို့ လည်း ဒုဗိုလ်ချုပ်ကြီး ဘာ့ဂ်ျဝါက ဆိုပါတယ်။

ကွက်တာမြို့ က ဆေးရုံမှာ ပြီးခဲ့တဲ့ လက လူပေါင်း ၇ဝ ကျော် သေဆုံး ခဲ့ရတဲ့ အထိ အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့မှုဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပါကစ္စတန် IS အဖွဲ့က ကြေညာ ထားပေမယ့်လည်း ဒုဗိုလ်ချုပ်ကြီး ဘာ့ဂ်ျဝါက IS လက်ချက် မဟုတ်ဘူး ဆိုပြီး ငြင်းပယ် ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပါကစ္စတန်မှာ IS ရှိကြောင်း စစ်တပ် ဝန်ခံ  ပါကစ္စတန်မှာ IS ရှိကြောင်း စစ်တပ် ဝန်ခံ Reviewed by THITHTOOLWIN on 07:25 Rating: 5
Powered by Blogger.