ရွှေတိဂုံစေတီတော်တွင် မောင်းသူမဲ့ယာဉ် Drone မောင်းနှင်သူများကို အရေးယူတော့မည်


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော် တွင် မောင်းသူမဲ့လေယာဉ်ငယ်(Drone)နှင့် အဝေး ထိန်းယာဉ်ငယ်များပျံသန်းပါက ပစ္စည်းကို သိမ်းဆည်းမည့်အပြင် မောင်းနှင်သူကိုလည်း အရေးယူသွားမည်ဖြစ် ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

 ရွှေတိဂုံစေတီတော်တွင် Drone များမပျံသန်းရန် ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စတင်ထုတ်ပြန်ခဲ့သော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ မောင်းနှင်သူကို အရေးယူခြင်းမရှိဘဲ Drone များကိုသာ သိမ်းဆည်းခဲ့ခြင်း ဖြစ်ကာ အောက်တိုလမှစတင်၍ အရေးယူမှုများပါပြုလုပ်တော့မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ဝင် ဦးသောင်းထိုက်ကပြောသည်။
“တားမြစ်တာကတော့ ဘုရားပေါ်ကပျံလို့ပျက်ကျရင် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးမှာစိုးလို့ပါ။ စီးပွားဖြစ် ဓာတ်ပုံရိုက်တာတွေ လုပ်မှာစိုးလို့တားတယ်။ ဒါပေမယ့် တားထားလည်း ပျံသန်းမှုတွေက ရှိနေတော့ အခုအရေးယူမှု အပိုင်းကို လုပ်တော့ပါမယ်။”ဟု ဦးသောင်းထိုက်ကပြောသည်။

၂၀၁၅ စက်တင်ဘာလမှစတင်၍ ၂၀၁၆ စက်တင်ဘာလထိ ပျံသန်းမှုများကို အသိပညာပေးမှုများလည်း ဆောင် ရွက်ခဲ့ပြီး မောင်းနှင်သူများ တွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များလည်း ပါဝင်ကြောင်း သိရသည်။

 ရွှေတိဂုံစေတီတော်တွင် Drone ပျံသန်းမှုကို တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ဒေသန္တရအမိန့်အရ ရာ ဇသတ်ကြီးပုဒ်မ(၁၈၈)ဖြင့်အရေးယူမည်ဖြစ်ကာ ငွေဒဏ် ၂၀၀ ကျပ်၊ ထောင်ဒဏ် တစ် လမှ အမြင့်ဆုံး ခြောက် လ အထိ ချမှတ်နိုင်သည့်အပြင် ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့်လည်း အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Drone ပျံသန်းမှုနှင့်သက်ဆိုင်သည့် ဥပဒေပေါ်ပေါက်ရေးအတွက်လည်းလုပ်ဆောင်နေကာ ဥပဒေပေါ်ထွက် လာမည်ဆိုပါက ရွှေတိဂုံစေတီတော်တွင် ပျံသန်းမှုကို ထိန်းချုပ်ရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ဥပဒေအရာရှိ ဦးစန်းမြင့်အောင်ကပြောသည်။

ပုဂံဘုရားတွင် Drone ပျံသန်းခွင့်အတွက် ခွင့်ပြုမိန့်တင်ပြီးပျံသန်းမှု များရှိနေခြင်းကြောင့် ရွှေတိဂုံစေတီတော် တွင်လည်း Drone ပျံသန်းခွင့်ကို ခွင့်ပြုချက်ဖြင့်ပျံသန်းခွင့်ပေးရန် Drone ဝါသနာရှင်များက မျှော်လင့်နေကြ သည်။လက်ရှိ ရွှေတိဂုံစေတီတော်ဂေါပကမှ ယာယီသိမ်းဆည်းထားသည့် Drone ရှစ် စင်းကိုလည်း ဥပဒေပေါ်ပေါက် လာပါက ဥပဒေအရပြန်လည်ပေးအပ်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရွှေတိဂုံစေတီတော်တွင် မောင်းသူမဲ့ယာဉ် Drone မောင်းနှင်သူများကို အရေးယူတော့မည်  ရွှေတိဂုံစေတီတော်တွင် မောင်းသူမဲ့ယာဉ် Drone မောင်းနှင်သူများကို အရေးယူတော့မည် Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.