ဒေါ်စု အမေရိကန် ခရီးစဉ်အတွင်း ကုလမှာ မိန့်ခွန်းပြောမည်


အမေရိကန် ပြည်ထောင်စုကို ရှေ့သတင်းပတ်ထဲ လာရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက် မိန့်ခွန်းပြောဖို့လည်း ရှိနေပါတယ်။ နိုင်ငံတော် ခရီးစဉ် အဖြစ်နဲ့ ဗြိတိန်၊အမေရိကန် ပြည်ထောင်စုတို့မှာ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို ဥရောပနဲ့ အရှေ့အလယ်ပိုင်းက မြန်မာ သံအမတ်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ကုလအထွေထွေ ညီလာခံမှာတော့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ထွန်းမှုတွေ၊ မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ခုခံ ချေပရလိမ့်မယ်လို့လည်း အကဲခတ်တို့က သုံးသပ်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း ၂ ပတ်ကျော်ကြာ ဗြိတိန်၊ အမေရိကန်နဲ့ ကုလသမဂ္ဂ ခရီးစဉ်ကိုတော့ စက်တင်ဘာလ ၁၀ ရက်နေ့က စတင်မှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဆိုက်ရောက်မှာ ဖြစ်ပြီး ဒီကနေ့ တဆင့် အမေရိကန် ပြည်ထောင်စုကို သွားမှာ ဖြစ်တယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“လန်ဒန်ကနေ ၀ါရှင်တန် ၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့တွေ့မယ်။ နောက် ဒုသမ္မတ ဘိုင်ဒန်နဲ့ တွေ့မယ် ၊ နောက် နိုင်ငံခြားရေးဝန်ကြီး ကယ်ရီနဲ့ တွေ့မယ်။ နောက် ၀ါရှင်တန်မှာ ကွန်ဂရက်ပေါ့နော်၊ ကွန်ဂရက် အဖွဲ့တွေနဲ့ တွေ့မယ်။ နောက်ပြီးတော့ Roosevelt High School သွားမယ် နောက် ကျနော်တို့ US Chamber of Commerce , နောက် US – ASEAN Business Council အဲဒါတွေနဲ့ တွေ့မယ်။ တွေ့ပြီးတာနဲ့ ၀ါရှင်တန်မှာ ကျနော်တို့ ဟိုဟာနဲ့တွေ့ဦးမယ်။ အဲဒါက confirm တော့ မဖြစ်သေးဘူး ကျနော်တို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဖို့ရှိတယ်။

“ဗြိတိန်ကို ကျနော်တို့က လန်ဒန် Heathrow လေဆိပ် ဒေသစံတော်ချိန် ၁၀ ရက်နေ့မှာ လန်ဒန်ကိုရောက်မယ်။ ပြီးရင် ၁၁ ရက်နေ့မှာ ဥရောပ အရှေ့အလယ်ပိုင်း အာဖရိကမှာရှိတဲ့ မြန်မာသံအမတ်ကြီး ၁၂ ယောက်နဲ့ တွေ့မယ်။ ”

ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်၊ အစိုးရ ၀န်ကြီးတချို့နဲ့ လွတ်တော်အမတ်တွေနဲ့ တွေ့ဆုံအပြီးမှာတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့ အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်မြို့ကို သွားရောက်မှာပါ။ကုလ သမဂ္ဂ ဌာနချုပ်မှာတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ မိန့်ခွန်းပြောမှာ ဖြစ်သလို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မိန့်ခွန်းပြောမှာ ဖြစ်တယ်လို့ သမ္မတရုံး ၀န်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

“High level Refugee of Migrant အဲဒီမှာ မိန့်ခွန်းသွားပြောမယ်။ နောက် General debate ပေါ့နော် ဖွင့်ပွဲတွေ တက်မယ်။ ဖွင့်ပွဲတက်ပြီးတော့ ကျနော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကိုယ်စား ၂၁ ရက်နေ့မှာပြောမယ်။ ဒါက အထွေထွေညီလာခံ General Debate မှာပြောမှာ။ ရှေ့မှာက ကုလသမဂ္ဂ High Level meeting ပေါ့နော် Refugee of Migrant အဲဒီမှာလည်း မိန့်ခွန်းပြောမယ်။ နောက် General Assembly တို့General Debate မှာလည်း မိန့်ခွန်းပြောမယ်။”

ဆယ်စုနှစ်တွေ အတွင်း ပထမဆုံး အကြိမ်အဖြစ် လူထု ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သား အစိုးရ ခေါင်းဆောင် တဦး အဖြစ်နဲ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်တဲ့ အခါမှာတော့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အပါအ၀င် နိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုမယ်လို့ ခန့်မှန်းရတဲ့ အကြောင်း မြန်မာ့အရေး အကဲခတ် ဦးအောင်သူငြိမ်းက ပြောပါတယ်။

“အထူးသဖြင့် Democratization ပေါ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဘယ်အခြေအနေဆိုက်နေပြီလဲ ၊ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကို သိချင်ကြပါတယ် ။ ဆိုတော့ ဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောမယ်လို့ ယူဆပါတယ်။ နောက်တခုကျတော့ ကျနော်တို့ ပြည်တွင်းစစ်ပြဿနာပေါ့နော်။ ကျနော်တို့ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်လာတဲ့ ပြည်တွင်းစစ်ပြဿနာနဲ့ ပတ်သက်လို့ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးကိစ္စ ဘယ်လိုဖြေရှင်းသလဲပေါ့ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်ပြောမယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ပဲ ညီလာခံမတိုင်ခင်ပေါ့နော် ကျနော်တို့ ပြီးခဲ့တဲ့ သိပ်မကြာသေးခင် ကာလမှာတုန်းက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံဆိုပြီးတော့ ကျင်းပခဲ့တာတွေရှိပါတယ်။ နောက်တခုကတော့ အခုဒီမှာ အငြင်းပွားနေတဲ့ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ကိစ္စကော်မရှင်ပေါ့နော် အထူးသဖြင့် တော့ ရိုဟင်ဂျာ ကိစ္စက နိုင်ငံတကာဘက်ကကို စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ဆိုတော့ လူ့အခွင့်အရေးတွေ သူတို့ ကိစ္စတွေနဲ့ ပတ်သက်လို့ပေါ့။ အဲဒီတော့ ဒါလည်းကော်မရှင် ဖွဲ့ထားပြီးပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို ခုခံချေပပြီးတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောမယ်လို့ ယူဆပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ မြန်မာ အစိုးရအဆက်ဆက် လက်ထက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်တွေမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာကြောင့် ဒီတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကုလ ဆုံးဖြတ်ချက်တွေမှာ ပိုပြီး ပျော့ပျော့ပြောင်းပြောင်း ရှိလာစေဖို့ အရေး လုပ်ဆောင်ရဖွယ် ရှိတယ်လို့လည်း မြန်မာ့ အရေး အကဲခတ်တို့က ယူဆကြပါတယ်။

မသိင်္ဂီထိုက်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဒေါ်စု အမေရိကန် ခရီးစဉ်အတွင်း ကုလမှာ မိန့်ခွန်းပြောမည်  ဒေါ်စု အမေရိကန် ခရီးစဉ်အတွင်း ကုလမှာ မိန့်ခွန်းပြောမည် Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.