ဝေသန္တရာဇာတ်တော် ပေစာဟောပွဲတွင် လောင်းကစားဝိုင်းများ ပြည့်နှက်၊ ရိုးရာပျက်စီးမည်ကို သက်ကြီးမိဘများ စိုးရိမ်

ဓါတ်ပုံ - ၀ပ်ဝိန်းကျောက်ဘုန်းကြီးကျောင်းတွင်ပြုလုပ်နေသော လောင်းကစား ပွဲမြင်ကွင်းတချို့
စက်တင်ဘာလ ၁၆ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပမည့် ရိုးရာပေစာဖတ်လှူပွဲတော် ၌ ဘုန်ကြီးကျောင်း ဝင်းအတွင်း လောင်းကစားဝိုင်းများပြည့်နှက်နေသည့်ပေါ် ရိုးရာပျက်စီးမည်ကို ဒေသခံသက်ကြီးမိဘ များ စိတ်လက်မချမ်းသာဖြစ်နေ ရကြောင်း သိရသည်။

နှစ်စဉ် ရပ်ကွက်တိုင်း ကျင်းပမြဲ တိုင်းလိရိုးရာ ဝေသန္တရာဇာတ်တော်ကြီး ပေစာ ဖတ် လှူပူဇော်ပွဲကို အခါဈေးအနီးရှိ ဝပ်ဝိန်းကျောက်ဘုန်းကြီးကျောင်းတွင် ယခုလ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်သည်။

ဈေးအနီးနေထိုင်သူ ဦးလုံးသျှန် (၆၀ နှစ်) က “ ပွဲမကျင်းပမှီ လဆန်း ၇ ရက် ၈ ရက်ကတည်းက လောင်းကစားဝိုင်းလာထောင်နေတာ။ ကျောင်းအပြည့်ဘဲ။ ကုန်းကင်း၊ ၄ ကောင်ဂျင်၊ ၆ ကောင်ဂျင်၊ ဖဲဝိုင်း အစုံဘဲ။ ၂၄ နာရီ ဆူညံနေတယ်။ ဆိုင်ကယ်ရော ကားရော ဝင်လိုက်ထွက်လိုက်နဲ့။ ရွာသားတွေ အတွက် အနှောင့် အယှက်ဖြစ်တယ်။ ရွာကကလေးတွေအတွက်လည်း စိတ်ပူရတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။


အဆိုပါ ဘုန်းကြီးကျောင်းရှိ လောင်းကစားပွဲတွင် လောင်းကစားဝိုင်း ၆၀ ကျော် ရှိပြီး ကန်ထရိုက်တာ အား တဒိုင်လျှင် တညဘတ် ၃၀၀၀ ပေးသွင်းရကြောင်း၊ ကန်ထရိုက်ဆွဲသူကို မသိရသော်လည်း အာဏာပိုင်များဘက်မှ တားမြစ်ခြင်း မရှိကြောင်း၊ ရိုးရာပွဲတော်ပျက်စီးမည်ကို မြို့မိမြို့ဖများစိုးရိမ်နေ ကြောင်း သားသည်မိခင် ပါ့နန်းလာကလည်း ပြောသည်။

“ဘုန်းကြီးကျောင်းထဲမှာလဲဖြစ်နေတယ်။ ဝါတွင်းလည်းဖြစ်နေတယ်။ ဥပုပ်စောင့် အဘိုးကြီး အဘွားကြီး တွေလည်းအများကြီး။ အလှူပွဲနဲ့လောင်းကစား ပွဲဆို တာကြီးက မအပ်စပ်ဘူး။ ကျမတို့သက်ကြီးပိုင်း တွေအနေနဲ့တော့ ဒီရိုးရာဖျက်မ ယ့်လောင်းကစားပွဲတွေ မရှိစေချင်ဘူး။ အာဏာပိုင်တွေကို အသိပေး အကူ အညီတောင်း ချင်တယ်။ အခုနောက်ပိုင်းရိုးရာပွဲတိုင်းမှာ လောင်းကစားဝိုင်းက များများလာတယ်။ လောင်းကစားဝိုင်းများရင် ကလေးတွေပျက်စီးတယ်။ ခိုးဆိုးလုယက်မှုများတယ်။ ဒါနောက်ဆက်တွဲ ပြသနာတွေလေ ”။

တာချီလိတ်မြို့တွင် ဘုန်းကြီးကျောင်း၌ ကျင်းပသည့်ရိုးရာပေစာဟောပွဲ မဟာဒုတ်ပွဲ ဆွမ်းတော်ပွဲ သီတင်းကျွတ်ပွဲ ရာသီအလိုက်ကျင်းပသောပွဲများ တွင် လောင်းကစားဝိုင်းများ တနှစ်ထက် တနှစ်ပိုမို များပြားလာနေသည် ဟု ဒေသခံ များကပြောဆိုနေကြသည်။ ပြီးခဲ့သည့် လဆန်းပိုင်းကလည်း တာချီလိတ်မြို့ ဆန်ဆိုင်းတိုင်းကျောင်းတိုက်တွင် ပြုလုပ်ကျင်းပသည့် စာပေဟောပွဲတွင်လည်း လောင်းကစားဝိုင်းများရှိကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
ဝေသန္တရာဇာတ်တော် ပေစာဟောပွဲတွင် လောင်းကစားဝိုင်းများ ပြည့်နှက်၊ ရိုးရာပျက်စီးမည်ကို သက်ကြီးမိဘများ စိုးရိမ်  ဝေသန္တရာဇာတ်တော် ပေစာဟောပွဲတွင် လောင်းကစားဝိုင်းများ ပြည့်နှက်၊ ရိုးရာပျက်စီးမည်ကို သက်ကြီးမိဘများ စိုးရိမ် Reviewed by THITHTOOLWIN on 10:35 Rating: 5
Powered by Blogger.