ဆီးရီးယားစစ်စခန်းကို မတော်တဆ ဗုံးကျဲမိလို့ သြစီဆို


ဆီးရီးယား ​စစ်သားတွေကို ​မတော်တဆ ​ဗုံးကျဲတိုက်ခိုက်မိတဲ့အပေါ် ​စိတ်မကောင်းဖြစ်ရတယ်လို့ ​သြစတြေးလျ ​အစိုးရက ​ပြောလိုက်ပါတယ်။

အမေရိကန် ​ဦးဆောင်တဲ့ ​မဟာမိတ် ​အဖွဲ့ဟာ ​ဆီးရီးယားနိုင်ငံအတွင်းက ​IS ​အစ္စလာမ်မစ်ကို ​ဗုံးကျဲတိုက်ခိုက်နေတာ ​ဖြစ်ပြီး ​သြစတြေးလျ ​တိုက်လေယာဉ် ​ပါဝင်တဲ့ ​တိုက်ခိုက်မှု ​တစ်ခုက ​ဆီးရီးယား ​စစ်စခန်းကို ​တိုက်ခိုက်မိတာ ​ဖြစ်ပါတယ်။

IS ​ကို ​တိုက်ခိုက်မယ့်အစား ​ဆီးရီးယား ​စစ်စခန်းကို ​မှားပြီး ​မတော်တဆ ​တိုက်ခိုက်မိတယ်လို့လည်း ​သြစတြေးလျက ​ဝန်ခံထားပြီး ​ဆီးရီးယား ​အစိုးရကို ​တောင်းပန်ထားသလို ​သေဆုံးသွားတဲ့ ​ဆီးရီးယား ​စစ်သားတွေရဲ့ ​မိသားစုဝင်တွေကိုလည်း ​စိတ်မကောင်းကြောင်း ​ပြောဆိုထားပါတယ်။

သြစတြေးလျ ​ပါဝင်တဲ့ ​မဟာမိတ်တပ်ရဲ့ ​ဝေဟင်တိုက်ခိုက်မှုကြောင့် ​ဆီးရီးယား ​စစ်သား ​၈၃ ​ယောက် ​သေဆုံးခဲ့ရပါတယ်။

ဒီကိစ္စကို ​အမေရိကန်က ​စုံစမ်းစစ်ဆေးမှု ​လုပ်နေပြီး ​သြစတြေးလျက ​ပူးပေါင်းမှု ​လုပ်နေပါတယ်။ ​သြစတြေးလျ ​ဝန်ကြီးချုပ်ကလည်း ​ဒီကိစ္စမှာ ​ဘယ်သူက ​ဘယ်သူ့ကို ​တိုက်ခိုက်ဖို့ ​ညွှန်ကြားသလဲ၊ ​အဲလို ​အမှားတွေ ​မဖြစ်ရအောင် ​နောက်နောင် ​မဟာမိတ် ​တပ်တွေအကြား ​ဘယ်လို ​ပူးပေါင်းသင့်သလဲ ​ဆိုတာတွေကို ​စောင့်ကြည့်လေ့လာသွားမယ်လို့ ​ပြောဆိုထားပါတယ်။

သြစတြေးလျ ​နိုင်ငံက ​တသီးပုဂ္ဂလ ​လွှတ်တော်အမတ် ​Andrew ​Wilkie ​ကတော့ ​အမေရိကန်လို ​နိုင်ငံခြားရဲ့ ​စုံစမ်းစစ်ဆေးမှု ​အပြင် ​သြစတြေးလျ ​အစိုးရကိုယ်တိုင် ​ဒီကိစ္စကို ​စုံစမ်းစစ်ဆေးမှု ​လုပ်သင့်တယ်လို့ ​တိုက်တွန်းထားပါတယ်။  

ဒီကိစ္စမှာ ​သြစတြေးလျ ​ဘက်က ​ပရောဖက်ရှင်နယ် ​ကျကျ ​လုပ်ကိုင်ခဲ့တဲ့ကြားက ​ဖြစ်ခဲ့ရတာလား ​ဆိုတာ ​စစ်ဆေးဖို့ ​Andrew ​Wilkie ​က ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆီးရီးယားစစ်စခန်းကို မတော်တဆ ဗုံးကျဲမိလို့ သြစီဆို ဆီးရီးယားစစ်စခန်းကို မတော်တဆ ဗုံးကျဲမိလို့ သြစီဆို Reviewed by THITHTOOLWIN on 15:49 Rating: 5
Powered by Blogger.