ဒေါ်စု ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဌ Rt. Hon. John Bercow နှင့်တွေ့ဆုံ (MOFA)
ဗြိတိန် နိုင်ငံ လန်ဒန်မြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဗြိတိန် အောက်လွှတ်တော် ဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ကာကွယ်ရေးဆိုင်ရာလေ့လာရေး တော်ဝင်ကောလိပ်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ခရီးစဉ် အတွင်းမှာ ဗြိတိန် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒေသတွင်းက မြန်မာ သံအမတ်ကြီးတွေနဲ့ မနေ့က တွေ့ဆုံတာမှာတော့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဗြိတိန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ဖွံ့ဖြိုးရေးကိစ္စ၊ နောက် လုံခြုံရေးကိစ္စတို့ကို အဓိကထား ဆွေးနွေးမယ်လို့လည်း ခန့်မှန်းကြပါတယ်။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။


ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာတော့ ဗြိတိန် အောက်လွှတ်တော် ဥက္က္ကဌ John Bercow နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာနိုင်ငံသား တချို့တက်ရောက်နေတဲ့ ကာကွယ်ရေးဆိုင်ရာလေ့လာရေး တော်ဝင်ကောလိပ်ကိုသွားရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး Sir Christopher Deverell ၊ ကျောင်းအုပ်ကြီး Sir Tom Phillips တို့လည်း တွေ့ဆုံခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဆိုင်ရာ လေ့လာရေး တော်ဝင်ကောလိပ်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးအောင်မြင့်ဦးနဲ့ ငြိမ်းချမ်းရေး ကော်မရှင်က ဦးမိုးဇော်ဦးတို့ တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန် ခရီးစဉ် အတွင်းမှာ ဗြိတိန် ၀န်ကြီးချုပ် ထရီဆာမေ အပါအ၀င် ဗြိတိန် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဗြိတိန် အခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD –LA အဖွဲ့နဲ့လည်း တွေ့ဆုံဖို့လည်း အစီအစဉ် ရှိနေပါတယ်။ ဗြိတိန် အခြေစိုက် NLD – LA ခေါင်းဆောင် ဒေါက်တာ ၀င်းနိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

‘ပထမသူက တွေ့ဖို့ဆိုပြီးတော့ ကျနော်တို့ကို ပြောထားတယ် ဒါပေမယ့် လောလောဆယ် သူက ဗြိတိန်အစိုးရရဲ့ ကိုယ်စားလှယ်တွေများနေလို့တဲ့ မတွေ့နိုင်သေးဘူးဆိုပြီးတော့ ကျနော်တို့လည်း စောင့်နေရတယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး အသင့်စောင့်ဆိုင်းနေကြဖို့ကိုလည်း ဒီကနေ့ မနက်ပိုင်းမှာဘဲ ဗြိတိန်အခြေစိုက် မြန်မာသံရုံး တာဝန်ရှိသူက ဖုန်းဆက် အကြောင်းကြားလာတယ်လို့လည်း ဒေါက်တာ ၀င်းနိုင်က ပြောပါတယ်။ ဗြိတိန် အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ နိုင်ငံရဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးဖွယ် ရှိတယ်လို့လည်း ဒေါက်တာဝင်းနိုင်က သုံးသပ်ပါတယ်။

“လောလောဆယ်တိုင်းပြည်မှာ ရှိနေတဲ့ အရေးကြီးကိစ္စတွေပေါ့နော်။ ခုနပြောတဲ့ တိုင်းပြည်မှာ လုပ်မယ့် စီမံကိန်းတွေပေါ့နော် ။ ဒါတွေလည်းပါမှာပေါ့နော် ။ နောက်လုံခြုံရေးကိစ္စတွေရယ် ပါမယ်လို့ ယူဆရပါတယ်။ မကြာသေးခင်ကပဲ ရန်ကုန်ဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်း လာသွားတဲ့အခါမှာဆိုရင် သူ central London မှာ presentation တခုလုပ်ပါတယ်။ အဲဒီ presentation မှာ New Yangon project အပါအ၀င်ပေါ့နော် ဂျိုင်ဂါနဲ့ လုပ်မယ့် ဆိပ်ကမ်းလုပ်ငန်းတွေ ၊ နောက်တခု ကျနော်တို့ စက်မှုလုပ်ငန်းတွေ ၊ နောက်တခု ဟံသာဝတီ လေယဉ်ကွင်းကိစ္စတွေ ၊ နောက် လုပ်ငန်းတွေတော်တော်များများ project တွေပေါ့နော် အကုန်တင်ပြဆွေးနွေးပြီးတော့ စီစဉ်သွားတယ်။ သူကလည်း ပြောသွားတယ် သူမလာခင်မှာ နိုင်ငံ ၃၀ က ကုမ္ပဏီ ၂၅၀ နဲ့ အကုန်လုံး စီစဉ်ထားခဲ့ပြီးသား ဒါကလည်း နောက်ဆုံး ဒေါ်စုကိုယ်တိုင် စီစဉ်တဲ့ project တွေဆိုတော့ ဒါက သူ့အချိန်မှီပြီးသွားမယ်ဆိုတဲ့အကြောင်း ၊ ဒါတွေကတော့ သူဟာသူ in place ဖြစ်နေပါတယ်တဲ့ ကျနော်တို့က ဘာမှ စိတ်ပူစရာအောကာင်းမရှိပါဘူး။ နောက် ဒီ New Yangon project မှာလည်း US ၊ UK ၊Indonesia ၊ Japan ၊ korea ရယ်ကတွဲပြီးတော့ အားလုံးလုပ်မယ်။ နောက်တခုက ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်မှာလည်း ဗြိတိန်အစိုးရကနေပြီးတော့ ဒေါ်လာ သန်း ၂၀၀ ကူညီလိုက်တယ် ဒီဟာက New Yangon project ဆိုတော့ ဒါတွေက အကုန်လုံး စီမံပြီးသားကိစ္စတွေဆိုတော့ အားလုံးဟာ သူ့ Target အတိုင်းသူပြီးသွားမယ်လို့တော့ ကျနော် ကတော့ ယုံကြည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန် ခရီးစဉ်မှာတော့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မနေ့တုန်းကတော့ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတို့က မြန်မာ သံအမတ်ကြီးတွေနဲ့ လန်ဒန်မြို့က မြန်မာသံရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ လန်ဒန်အခြေစိုက် မြန်မာသံရုံး တာဝန်ခံ တဦးက ပြောပါတယ်။

“ဒီကိစ္စတွေကို ကျနော်တို့ကိုပေးမသိဘူး။ ကျနော်တို့လည်း ဒီဒေသခံဝန်ထမ်း၊ ဒီကိစ္စတွေက ကျနော်တို့ မသိဘူး။

မေး။ ။ မနေ့ကတော့ ဆရာတို့ သံရုံးမှာပဲ သံအမတ်ကြီးတွေနဲ့တော့ တွေ့ကြသေးတယ်မဟုတ်လား။

ဖြေ။ ။ ဟုတ်ပါတယ် ။ မနေ့ကတော့ ဒီမှာ ဒီအစည်းအဝေးပွဲတွေ လုပ်တယ်ဆိုတာတွေ၊ မနေ့ကတော့ ပြီးသွားပါပြီ။”

မြန်မာ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံတာမှာတော့ အစိုးရရဲ့ မူဝါဒနဲ့ လမ်းစဉ်တွေ၊ ဦးစားပေး လုပ်ငန်းတွေ၊ နိုင်ငံခြားရေး မူဝါဒတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားခဲ့ပြီး သံအမတ်ကြီးတွေ အနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ခရီးစဉ် အပြီးမှာတော့ အမေရိကန် ပြည်ထောင်စု မြို့တော် ၀ါရှင်တန် ဒီစီကို ခရီးဆက်မှာ ဖြစ်ပြီး အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင် အပါအ၀င် နိုင်ငံခြားရေး ၀န်ကြီးတို့နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ၀ါရှင်တန် ဒီစီမှာ အမေရိကန် အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာတော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကို သွားရောက်ပြီး ကုလသမဂ္ဂ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနဲ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံတို့မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။

 မသိင်္ဂီထိုက်  / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဒေါ်စု ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့တွေ့ဆုံ  ဒေါ်စု ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့တွေ့ဆုံ Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.