ဒေါ်ပိုးမြာ၏ အလောင်းအား အပိုင်းပိုင်းခုတ် မီးရှို့ပြီး ၎င်း၏နေအိမ်ဝန်းအတွင်းရှိ အိမ်သာကျင်းထဲသို့ ပစ်ချခဲ့ကြောင်း တရားခံက ဖွင့်ဟဝန်ခံ


 ထေးငှားလျား လူပျောက်မှု တွင် တရားခံက လူသတ်မှု ကျူးလွန်ကြောင်း ဖွင့်ဟဝန်ခံ

စက်တင်ဘာ ၂

ထေးငှားလျားလူပျောက်မှုတွင် ပျောက်ဆုံးနေသည့် ဒေါ်ပိုးမြာ၏ အလောင်းအား အပိုင်းပိုင်းခုတ် မီးရှို့ပြီး ၎င်း၏နေအိမ်ဝန်းအတွင်းရှိ အိမ်သာကျင်းထဲသို့ ပစ်ချခဲ့ကြောင်း ကျူးလွန်သူ ထေးငှါးလျားကျေးရွာနေ ဒေါ်ဗျားမြာက ဝန်ခံပြောကြားပြီဖြစ်သည်။

ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့သည့် ဒေါ်ပိုးမြာသည် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံထားသည့် တစ်ရွာတည်းနေ ဒေါ်ဗျားမြာနေအိမ်သို့ အကြွေးတောင်းရန် သွားရောက်စဉ် စကားအချင်းများပြီး သနပ်ခါးတုံးဖြင့် ထုလိုက်ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်မူ ဒေါ်ဗျားမြာက အလောင်းအား အပိုင်းပိုင်းခုတ်ထစ်ကာ မီးရှို့၍ အိမ်သာကျင်းအတွင်းသို့ ပစ်ချထားခဲ့ခြင်းဖြစ်ကြောင်း တရားခံမှ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် ဖွင့်ဟဝန်ခံလိုက်ခြင်း ဖြစ်သည်။

“သူကတော့ဝန်ခံလိုက်ပြီ၊ သွေးအေးအေးနဲ့ပဲ။ အိမ်သာကျင်းထဲကို ရဲတွေက ဝိုင်းရှာကြည့်တော့ ပျောက်တဲ့သူရဲ့ပစ္စည်းတွေ ထွက်လာတယ်။” မျက်မြင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားသည်။


ဒေါ်ဗျားမြာ၏ နေအိမ်ဝင်းအတွင်းရှိ အိမ်သာမှ ဖုန်း (Tablet တစ်လုံး)၊ စာရင်းစာရွက်အချို့၊ မိုးကာအင်္ကျီ နှင့် လူ၏အသားစဟု ယူဆရသည့် အသားစများကို အာဏာပိုင်များမှ သက်သေခံပစ္စည်းအဖြင့် ရှာဖွေသိမ်းဆည်းပြီး တရားဝင် ဆေးစစ်ချက်ကိုမူ အတည်ပြု စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ဒေါ်ပိုးမြာသည် ခြံကွက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးဖြစ်ပြီး ငွေလိုသူများ ပစ္စည်းလာရောက်အပေါင်ခံရာတွင် လက်ခံပေးသူဖြစ်သည်။


ဒေါ်ပိုးမြာ စီးနင်းသွားသည့် ဆိုင်ကယ်ကို လွိုင်ကော်မြို့နယ် မှုံပြာရွာအနီးတွင် စက်တင်ဘာလ ၁ ရက်နေ့က ပြန်လည်တွေ့ရှိပြီး ကွင်းဆက်လိုက်ရာမှ ကျူးလွန်သူကို သက်သေခံပစ္စည်းအချို့နှင့် တကွရဲတပ်ဖွဲ့မှ ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးသတင်းအရ ကျန်ရှိသေးသည့် လူသေအလောင်းကိုဆက်လက်ရှာဖွေလျှက်ရှိပြီး ကျူးလွန်သည်ဟု ဝန်ခံထားသူ ဒေါ်ဗျားမြာ၊ ၎င်း၏ ခင်ပွန်းနှင့် တူတော်စပ်တူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည်။

စိုင်းလင်းလင်းဦး
ဓာတ်ပုံ - Ko Thein Htaik
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
ဒေါ်ပိုးမြာ၏ အလောင်းအား အပိုင်းပိုင်းခုတ် မီးရှို့ပြီး ၎င်း၏နေအိမ်ဝန်းအတွင်းရှိ အိမ်သာကျင်းထဲသို့ ပစ်ချခဲ့ကြောင်း တရားခံက ဖွင့်ဟဝန်ခံ   ဒေါ်ပိုးမြာ၏ အလောင်းအား အပိုင်းပိုင်းခုတ် မီးရှို့ပြီး ၎င်း၏နေအိမ်ဝန်းအတွင်းရှိ အိမ်သာကျင်းထဲသို့ ပစ်ချခဲ့ကြောင်း တရားခံက ဖွင့်ဟဝန်ခံ Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.