မြိုင်ကြီးငူဆရာတော်၏ မေတ္တာရပ်ခံချက် အသိအမှတ်ပြုသူမရှိဘဲ မဲသဝေါတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

ဓါတ်ပုံ - မြိုင်ကြီးငူဆရာတော်။
စက်တင်ဘာလ - ၁၅ - ၂၀၁၆

မဲသဝေါတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းကြပြီး ပြန်လည်သင့်မြတ်ရေးတည်ဆောက်ကြရန် မြို င်ကြီးငူဆရာတော်အရှင်သုဇနက (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF ၏ တပ်မှူးကြီးတဦးဖြစ်သည့် ဗိုလ်မှူးကြီးစောချစ်သူကို မေတ္တာရပ်ခံထားသည့် ရုပ်သံဖိုင်တခု ထွက်ပေါ်လာခဲ့သော်လည်း တိုက်ပွဲမှာ ယနေ့နံနက်ပိုင်းတွင် ထပ်မံဖြစ်ပွားလျှက်ရှိသည်။

ဆရာတော်ဦးသုဇနသည် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြသည့် တိုက်ပွဲများရပ်ဆိုင်းရန် မေတ္တာရပ်ခံပန်ကြားမှု လုပ်ဆောင်ပြီးနောက် ကျန်းမာရေးကုသမှုခံယူရန်အတွက် ယနေ့နံနက်စောစောက မဲသဝေါမှတဆင့်ထိုင်းနိုင်ငံဘန်ကောက်ဘက် ထွက်ခွာသွားပြီးဖြစ်သည်။

မြိုင်ကြီးငူဆရာတော်၏ နောက်ပါကပ္ပိယတဦးက သားသမီးများကို ပြောဆိုဆုံးမ၍မရသောကြောင့် ဆရာတော် အတော်လေးကို စိတ်ထိခိုက်ခံစားနေရသည်ဟု ပြောဆိုသည်။

ယခုလ ၁၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် (BGF)နှင့် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့တို့အကြား မဲသဝေါဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည်. ယနေ့နံနက်ပိုင်အထိ ပြီးဆုံးခြင်းမရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

နယ်စပ်အရေး စောင့်ကြည့်လေ့လာနေသူများက ဆရာတော်၏ မေတ္တရပ်ခံချက် အသိအမှတ်ပြု မခံရခြင်းမှာ လမ်းကြောင်းလွဲနေ၍ဖြစ်ပြီး ဆရာတော်အနေနှင့် (BGF) မှ ဗိုလ်မှူးကြီးစောချစ်သူအစား မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော်ကို မေတ္တာရပ်ခံတောင်းဆိုမှု ပြုလုပ်မည်ဆိုပါက ထိရောက်မှုပိုရှိမည်ဟု သုံးသပ်ပြောဆိုကြသည်။

မဲသဝေါဒေသခံတဦင်္းက " အဓိကတိုက်ပွဲဖြစ်နေတာကတော့ (၀ါးပိုးတောင်) နေရာမှာဖြစ်တယ် ထိခိုက်သေကြေဒဏ်ရာရတာတွေကတော့ နှစ်ဖက်စလုံးမှာရှိတယ် မနေ့ကတောင် ဒဏ်ရာပြင်းထန်လို့ ထိုင်းဘက်ခြမ်းကို သုံးယောက် ပို့ပေးလိုက်ရသေးတယ် " ဟု ပြောဆိုသည်။

မြိုင်ကြီးငူဆရာတော်သည် ထိုင်းနိုင်ငံတွင် ရက်ပိုင်းမျှသာကြာမြှင့်မည့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးသည်နှင့် မြိုင်ကြီးငူသို့ ပြန်လာမည်ဖြစ်ကြောင်း တပည့်သာဝကတဦးက ပြောဆိုသည်။

၅ ရက်ရှိပြီးဖြစ်သည့် မဲသဝေါဒေသတိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသရှိ ဒေသခံအများစုမှာ မြိုင်ကြီးငူတွင် သွားရောက်တိမ်းရှောင်နေကြပြီး အချို့ မှာ မိမိအစီအစဉ်ဖြင့် ထိုင်းဘက်ခြမ်းရှိ ဆွေမျိုးသားချင်းများ မိတ်ဆွေသင်္ဂဟများ၏ နေအိမ်များတွင်တွင် သွားရောက်ခိုလှုံနေကြသည်။

ထိုင်း-မြန်မာနယ်စပ် နယ်ခြားသောင်ရင်းဖြစ်ခြားထားသည့် မဲသဝေါဒေသတွင် မြန်မာဘက်ခြမ်းမဲသဝေါရွာနှင့်ထိုင်းဘက်ခြမ်းမဲသဝေါရွာဟူ၍ နယ်နမိတ်ပိုင်းခြားထားကာ နှစ်ဖက်နယ်စပ်တွင် ကရင်အမျိုးသားများ အများစုနေထိုင်ကြသည့် နယ်စပ်ဒေသဖြစ်သည်။

သတင်း - ကရင်အမျိုးသား မီဒီယာ

မြိုင်ကြီးငူဆရာတော်၏ မေတ္တာရပ်ခံချက် အသိအမှတ်ပြုသူမရှိဘဲ မဲသဝေါတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား မြိုင်ကြီးငူဆရာတော်၏ မေတ္တာရပ်ခံချက် အသိအမှတ်ပြုသူမရှိဘဲ မဲသဝေါတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 02:42 Rating: 5
Powered by Blogger.