အိမ်အကူမိန်းကလေးများအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်နှင့် မိသားစုကို လူမှုဝန်ထမ်းဦးစီးဌာနက တရားစွဲဆိုရန် အမှုဖွင့်လှစ်


ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အမှတ်(၉)ရပ်ကွက် လမ်း(၄ဝ)အထက်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်နှင့်မိသားစုက အိမ်အကူမိန်းကလေးများအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ၁၉၉၃ ခုနှစ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုနိုင်ရန် စက်တင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီတွင် ကျောက်တံတားမြို့မရဲစခန်း၌ ထပ်မံတရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

''အသက်(၁၈)နှစ်မပြည့်သေးတဲ့ ကလေးတွေကို နှိပ်စက်ညှဉ်းပန်းလို့ လူမှုဝန်ထမ်းဦးစီးဌာနက တရားလို ပြုလုပ် တရားစွဲဆိုတာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောသည်။


အဆိုပါ မိန်းကလေးငယ်များသည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ရှာဘွားကျေးရွာအုပ်စု ဘောလုံးကွင်းကျေးရွာနေ မစန်းကေခိုင်(၁၇)နှစ်နှင့် မသဇင်(၁၆)နှစ်တို့ဖြစ်ပြီး ၎င်းတို့၏ အုပ်ထိန်းသူမိဘများက အိမ်အကူလုပ်ငန်း လုပ်ကိုင်ရန်အတွက် အင်းဝအပ်ချုပ်ဆိုင်သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ လုပ်ငန်းလုပ်ကိုင်နေစဉ်အတွင်း အိမ်ရှင်နှင့်မိသားစုက အိမ်အကူမိန်းကလေးငယ်များ နေ့စဉ်နှိပ်စက်နေကြောင်း၊ ၎င်းတို့ ခန္ဓာကိုယ်အနှံ့အပြားတွင် ထိုးသွင်းပြတ်ရှ အမာရွတ်များလည်း တွေ့ရှိရကြောင်း မြန်မာနိုင်ငံ လူ့အခွင့် ရေးကော်မရှင်သို့လိပ်မူ၍ တိုင်တန်းမှုအား ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက တိုင်စာအား သက်သေများနှင့်အတူ စိစစ်ခဲ့ရာ ပိုင်ရှင်ဖြစ်သူ ဒေါ်တင်သူဇာက အိမ်အကူလစာ တစ်လလျှင် ငွေကျပ် နှစ်သောင်း ရမည်ဖြစ်ကြောင်း ပြောဆို၍ လက်ခံခဲ့ကြောင်း၊ လုပ်ခလစာများအား ၂ဝ၁၄ ခုနှစ် သြဂုတ်လအထိ ရရှိခဲ့သော်လည်း စက်တင်ဘာလမှစ၍ လုပ်ခလစာများ မရရှိတော့ဘဲ ဆက်လက်လုပ်ကိုင်နေရသည့်အပြင် လုပ်ငန်းလုပ်ကိုင်ရာတွင် လွဲချော်ပါက ဒေါ်တင်သူဇာနှင့် စုမွန်လတ်တို့က မျက်နှာနှင့် တစ်ကိုယ်လုံးအား ရိုက်နှက် နှိပ်စက်ညှဉ်းပန်းခြင်း၊ အစာရေစာ မကျွေးဘဲထားခြင်း၊ မစန်းကေခိုင်၏ လက်ချောင်းများအား လှန်ချိုးခြင်းနှင့် ကိုယ်အင်္ဂါ ချို့ယွင်းအောင် အမျိုးမျိုးနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၅ ရက်တွင် အိမ်အကူမိန်းကလေး မစန်းကေခိုင် ၏မိခင် ဒေါ်ညိုညိုဝင်းနှင့် မသဇင်၏ အဒေါ် ဒေါ်အုန်းငွေတို့အပါအဝင် နှစ်ဦးနှစ်ဖက် သက်ဆိုင်ရာပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရုံး၌တွေ့ ဆုံပြီး ကော်မရှင် အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင်ညှိနှိုင်းခဲ့ကြရာ မစန်းကေခိုင်အတွက် နစ်နာကြေးသိန်း ၄ဝ၊ မသဇင်အတွက် နစ်နာ ကြေး ၁ဝ သိန်းတို့ကို ပေးအပ်ရန် သဘောတူညီမှုရရှိကာ ကျောက်တံတား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်၏ ညှိနှိုင်းပေးချက် နှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင် မကျေနပ်မှုများ၊ ဝေဖန်သံများ ပျံ့နှံ့လျက်ရှိသည့်အပြင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီ က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ရုံးရှေ့တွင် စာတန်းများကပ်ခြင်းဖြင့် လူ့အခွင့်အရေး ကော်မရှင်၏ ညှိနှိုင်းပေးမှုကို ကန့်ကွက်သည့် ကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့သည်။

ထို့ပြင် အမျိုးသမီးအဖွဲ့များ ကွန်ရက်(မြန်မာ)မှ မခင်လေးက''ပညာ လည်းမတတ်ဘူး၊ ဗဟုသုတလည်းမရှိ ဘူးဆိုရင် တရားဥပဒေအရ တရားစွဲ ရင် ဘယ်လိုအပြစ်ပေးလို့ရတယ်၊ နစ်နာကြေးကဘယ်လို၊ ဘယ်လို ဆောင်ရွက်ရတယ်။ ဒါတွေကို သေချာ ရှင်းပြပေးဖို့လိုတယ်။ ခုဟာက မလုပ် ပေးဘဲနဲ့ ရပ်ကွက်ထဲမှာရန်ဖြစ်တဲ့သူကို ဖြေရှင်းပေးသလို ဆောင်ရွက်ပေးသွားတာဖြစ်တဲ့အတွက် ကျွန်မတို့က မြန်မာနိုင်ငံလူ့အခွင့် အရေးကော်မရှင် ကို ရှုတ်ချတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းက ''ပြဋ္ဌာန်းထားတဲ့အချက်တွေနဲ့ အညီ ကျွန်တော်တို့ဆောင်ရွက်ပေး ခဲ့တာဖြစ်ပါတယ်။ ရဲကအစီရင်ခံစာ လာတင်တော့ သက်သေထွက်တာတွေ ပါတယ်။ ဒါပေမယ့် ဓာတ်ပုံမပါတဲ့ အတွက်ရယ်၊ နောက် ကျွန်တော်တို့ရဲ့ ကော်မရှင်ဥပဒေပုဒ်မ ၃၇ မှာ တရား ရုံးတွင် စစ်ဆေးနေတဲ့အမှုများ၊ တရားရုံးမှ စီရင်ဆုံးဖြတ်တဲ့ အမှုများကို ဝင်ရောက်စစ်ဆေးခြင်းမပြုရလို့ ပါတယ်။ အဲဒီတော့ ဒီအမှုက တရားရုံးလည်း မရောက်သေးဘူး၊ ရဲစခန်းမှာလည်း အမှုကမဖွင့်ရသေး ဘူး''ဟု ပြောသည်။


ထို့နောက် စက်တင်ဘာ ၂ဝ ရက် က အမှတ်(၆ )လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု ရန်ကုန်က တရားလိုပြုလုပ်၍ ဒေါ်တင်သူဇာနှင့် စုမွန်လတ်တို့အား အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ကျောက်တံတားမြို့မရဲစခန်းက (ပ) ၁၉၃/၂ဝ၁၆ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(ရန်ကုန်)မှ ဒုတိယရဲမှူး မျိုးသိန်းက''ပဏာမစစ်ဆေးလိုက်တဲ့ အခါကျတော့ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၃(က)မှာ ပြဋ္ဌာန်းထားတဲ့အချက်တွေနဲ့ သွားပြီး ငြိစွန်းနေတဲ့ အတွက်ကြောင့်မို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ၂၄/၃၂ နဲ့ အမှုဖွင့်လှစ် ဆောင်ရွက်တာပါ''ဟု ပြောသည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး က စွဲဆိုထားသည့် ပုဒ်မ၂၄/၃၂ တွင် ပုဒ်မ ၃၂ ၌ ထောင်ဒဏ်မည်မျှ ကျခံရမည်ဟု ဖွင့်ဆိုချက်တွင် မပါဝင်သော် လည်း ပုဒ်မ၂၄တွင် ထောင်ဒဏ် ၁ဝ နှစ်သို့မဟုတ် တစ်သက်တစ်ကျွန်း အပြင် ဒဏ်ငွေပါချမှတ်နိုင်သည်ဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးအောင် သူရိန်ထွန်းက ပြောသည်။

ထို့ပြင် ကလေးသူငယ် အခွင့် အရေးချိုးဖောက်ခံရသည်ကို တွေ့ရှိပါ က မိဘကိုယ်တိုင်မဟုတ်ဘဲ အခြား တာဝန်သိပြည်သူ တစ်ဦးဦးက တိုင်ကြားနိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားကြောင်း Nay Thu Yein Law Farm မှ သိရသည်။

၎င်းကဆက်လက်၍ ''လူကုန်ကူးမှု တားဆီးကာကွယ်ရေးကိစ္စဟာ ကျေအေးပေးလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပဒေကြောင်းအရ လူ့အခွင့် အရေးကော်မရှင်က ညှိနှိုင်းပေးခွင့် မရှိဘူး။ ရာဇဝတ်မှုက ရာဇဝတ်မှု ပါ။ ညှိနှိုင်းပေးရုံနဲ့ ပြေပျောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဥပဒေကလည်း ခွင့်ပြုမထားပါဘူး''ဟု ကလေး အခွင့်အရေး လိုက်ပါဆောင်ရွက်နေသည့် Nay Thu Yein Law Farm မှ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သူရိန်ထွန်းက ပြောသည်။


အိမ်အကူမိန်းကလေးငယ်များအား ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာ များမပေးခဲ့သည့် ပြစ်မှုကျူးလွန်သူများအား စက်တင်ဘာ ၂ဝ ရက် ညပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် (ခ)ရပ်ကွက် ပြည်တော်သာလမ်းရှိ နေအိမ်မှ ဒေါ်တင်သူဇာအား လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် တင်မင်းလတ်(ခ)ဖိုက်ဇယ်နှင့် မစုမွန်လတ်တို့အား လည်းကောင်း ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနက ညှဉ်းပန်းနှိပ်စက်ခံရသည့် မိန်းကလေးများ၏ စိတ်ဒဏ်ရာ သက်သာမှုရရှိအောင် နှစ်သိမ့် ဆွေးနွေးပညာပေးမှုများ ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လက်မှုပညာနှင့် ကျောင်းပြင်ပ ပညာရေးများကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းရုံးမှ သိရသည်။

သတင်း - သီသီမင်း
ဓာတ်ပုံ - Myanmar Now / Yangon Police
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အိမ်အကူမိန်းကလေးများအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်နှင့် မိသားစုကို လူမှုဝန်ထမ်းဦးစီးဌာနက တရားစွဲဆိုရန် အမှုဖွင့်လှစ်  အိမ်အကူမိန်းကလေးများအား ညှဉ်းပန်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်နှင့် မိသားစုကို လူမှုဝန်ထမ်းဦးစီးဌာနက တရားစွဲဆိုရန် အမှုဖွင့်လှစ် Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.