ကိုယ်ပိုင် ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး

 ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းတွင် ကိုယ်ပိုင် ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး
ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း၊ ကျိုက်လှကျေးရွာနှင့်
ဧကရာဇ်ကျေးရွာကြား၌ ကိုယ်ပိုင်ကားနှစ်စီး စက်တင်ဘာ၃ရက် ညနေက မျက်နှာချင်း ဆိုင်တိုက်မှုဖြစ်ပွားရာ သုံးဦးသေဆုံးခဲ့ကြောင်း ဝေါမြို့မရဲစခန်းမှ သိရသည်။


မိုးသည်းထန်စွာရွာသွန်းနေချိန်၌ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမိုင်တိုင် အမှတ်(၆၆/၅)နှင့်(၆၆/၆)ကြားတွင်ရန်ကုန်ဘက်မှကျိုက်ထိုဘက်သို့မောင်းနှင်လာသောTOYOTA WISHအဖြူရောင်ယာဉ်နှင့် ကျိုက်ထိုဘက်မှ ရန်ကုန် ဘက်သို့မောင်းနှင်လာသည့် MARK 2 အညိုရောင်ယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် TOYOTA WISH ယာဉ်ပေါ်၌ ပါလာသူ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာရ ရှိကာ MARK-2 ယာဉ်တွင်ပါလာသော ခရီးသည်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

“မိုးတအားရွာနေတဲ့အချိန်မှာ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ပွားတာပါ။ ယာဉ်မောင်းတွေကထိခိုက်ဒဏ်ရာရရှိပြီး ခရီးသည်သုံးဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကိုဝေါမြို့နယ် အထွေထွေကုဆေးရုံကို ပို့ဆောင်ထားပေးပါတယ်”ဟု ဝေါမြို့မရဲစခန်းမှ တာဝန်မှူးရဲအုပ်သန်းမြင့်က ပြောသည်။


အဆိုပါယာဉ်တိုက်မှုကြောင့် ပျက်စီးသွားမှုတန်ဖိုးမှာယာဉ်တစ်စီးလျှင်တန်ဖိုး(၁၀)သိန်းကျော်ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်းသူနှစ်ဦးအား ဝေါမြို့မရဲစခန်း၌ ယာဉ်(ပ)၃၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ၊ ၃၃၇/၃၃၈/၃၀၄(က) တို့ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဓါတ်ပုံ - Waw Media Page
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကိုယ်ပိုင် ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး  ကိုယ်ပိုင် ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားပြီး သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.