ထန်တလန်ပြည်သူ့ဆေးရုံး တွင် ၀န်ထမ်းအင်အားနှင့် ခွဲစိတ်ကိရိယာများ မလုံလောက်


ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများ ကုသရာ၌ အထူးကု ဆရာဝန်များမရှိခြင်း၊ ဆရာဝန်များနှင့် အခြားဝန်ထမ်းအင်အားနှင့် ခွဲစိတ်ကိရိယာ မလုံလောက်ခြင်းတို့ကြောင့် ထန်တလန်မြို့နှင့် ၂၄ မိုင်ကွာ ဝေးသော ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသနေရသည့်အတွက် ဒေသခံပြည်သူများအခက်ကြုံနေကြ ရသည် ဟု ထန်တလန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီရွှေလျန်းကပြောသည်။

ယင်းကဲ့သို့ ဟားခါးပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရာတွင်လည်း လူနာတင်ယာဉ်မရှိခြင်း၊ အချိန်နှောင့်နှေးကြန့်ကြာ ခြင်းနှင့် စရိတ်အကုန်အကျများခြင်းတို့ကြောင့် ပြည်သူများအခက်အခဲကြုံတွေ့နေရသကဲ့သို့ အသက်ဆုံးရှူံးမှုများလည်း ရှိခဲ့သည်ဟု စက်တင်ဘာ ၂၂ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဒေါ်နီရွှေလျန်းကပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့စာရင်းအရ ထန်တလန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ကုသရေး ဝန်ထမ်းအင်အား ခွင့်ပြု ၁၁၂ တွင် ခန့်ထား ၇၀ ဦးရှိပြီး လစ်လပ်ဆရာဝန် ၆ ဦးအပါအဝင် အားလုံး ၁၄ ဦး၊ ပြည်သူ့ကျန်းမာရေးအင်အား ခွင့်ပြု ၁၄၆ ဦးအနက် ၈၁ ဦးသာခန့် ထားပြီး လစ်လပ် ၆၄ ဦး တွေ့ရှိရသည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောသည်။

ထန်တလန်ပြည်သူ့ ဆေးရုံအတွင်း ခုတင်အသုံးပြုမှုရာခိုင်းနှုန်းမှာ ၂၀၁၁ ခုနှစ်တွင် ၄၈ %၊ ၂၀၁၂ တွင် ၅၆ %၊ ၂၀၁၃ ခုနှစ်တွင် ၇၄ %၊ ၂၀၁၄ ခုနှစ်တွင် ၆၇.၆ %၊၂၀၁၅ ခုနှစ်တွင် ၈၆.၄ % တိုးတက်လာခဲ့သည်ဟုဆိုသည်။

ခုတင် အသုံးပြုမှု နည်းသည်ကိုလည်း ဆရာဝန်မရှိခြင်း၊ သူနာပြုဆရာမများ မပြည့်စုံခြင်း၊ပစ္စည်းကိရိယာမစုံလင်မှုတို့ အပေါ် များစွာမူတည်သည့်အတွက် အညွှန်းကိန်းကို တစ်တမတ်တည်း သတ်မှတ်ခြင်းမဟုတ်ဘဲ ဝေးလံခေါင်းပါး၍ ဖွံ့ဖြိုးမှု နိမ့်ကျနေသော ဒေသများ ရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထား စဉ်းစားပေးစေလိုကြောင်းနှင့် ထန်တလန်မြို့ ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆံ့သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိရှိ လိုကြောင်း စက်တင်ဘာ ၂၂ ရက်နေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မေးမြန်းပါသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထန်တလန် ပြည်သူ့ဆေးရုံတွင် လက်ရှိ အချိန်တွင် ဆရာဝန် ၃ ဦးနှင့် သွားဆရာဝန် ၁ ဦး၊ သူနာပြု ၁၄ ဦး၊ အခြားဝန်ထမ်း ၂၈ ဦး စုစုပေါင်း ၄၆ ဦးနှင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ စုစုပေါင်းဝန်ထမ်းအင်အား အနေဖြင့် ၂၅ ခုတင်ဆံ့၏ ၅၅ ယောက်တွင် ၄၆ ယောက်ဖြင့် လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

ခွဲစိတ်ကိရိယာမလုံလောက်မှုနှင့် လူနာတင်ယာဉ်မရှိသည့်ကိစ္စများကို အစိုးရအနေဖြင့် ချက်ချင်းဆောင်ရွက်နိုင်သည့်အရာ များဖြစ်သော်လည်း ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ကို တိုးရန် ယခုလောလောဆယ် ရရှိသောစာရင်းဇယားများအရ မလိုသော်လည်း မှန်ကန်သော စာရင်းဇယားများကို တောင်းခံ၍ ရရှိသည့်အခါတွင် လိုအပ်ပါက စဉ်းစားပေးမည်ဟု ၀န်ကြီးကပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့အထိ တိုးပါက  မိမိတို့အနေဖြင့် လူဦးရေကို လုံးဝမဖြည့်နိုင်ပါကြောင်း၊ ဆေးရုံတွင် လိုအပ်သည့်ဆရာဝန်နှင့် ပစ္စည်းကိရိယာများ ပြည့်စုံမှုသည် အဓိကဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ရှိသမျှ ဆေးရုံများတွင် ပစ္စည်းကိရိယာများ စုံလင်မှု၊ ဆရာဝန်၊ သူနာပြု အစရှိသည့်ဝန်ထမ်းများ ခန့်အပ်မှုသည် ပထမဦးစားပေး အစီအစဉ်ဖြစ်ပါကြောင်း၊ ဆေးရုံခုတင်တိုးခြင်းဖြင့် ဆေးရုံ၏ ဝန်ဆောင်မှုကိစ္စများ တိုးလာမည်မဟုတ်ပါကြောင်း၊သို့သော် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးရုံများ၏ ဝန်ဆောင်မှု ကို တိုင်းတာသည့် အညွှန်းကိန်းများ သည် ခေတ်နှင့်အလျော်ညီထွေရှိရန် ပြန်လည်ပြုပြင်ပြီး လုပ်ဆောင်လျက်ရှိသည်ဟုလည်း ၀န်ကြီးကဆိုပါသည်။

Khonumthung Burmese
http://www.khonumthungburmese.org
ထန်တလန်ပြည်သူ့ဆေးရုံး တွင် ၀န်ထမ်းအင်အားနှင့် ခွဲစိတ်ကိရိယာများ မလုံလောက် ထန်တလန်ပြည်သူ့ဆေးရုံး တွင် ၀န်ထမ်းအင်အားနှင့် ခွဲစိတ်ကိရိယာများ မလုံလောက် Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.