စစ်တွေမြို့တွင် ဆိုင်ကယ်တိုက်၍ ရဲတပ်သား တစ်ဦးသေဆုံး


နိရဉ္စရာ၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ် စစ်တွေမြို့ ရှုခင်းသာလမ်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်က ဆိုင်ကယ်တိုက်မှု ဖြစ်ပွားပြီး ရဲတပ်သား တစ်ဦးသေဆုံးကာ အရပ်သား တစ်ဦးနှင့် ရဲတပ်သား တစ်ဦးတို့ ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ရဲတပ်သား ကျော်ရဲပိုင် (၂၄) နှစ် ဖြစ်ပြီး စစ်တွေဆေးရုံတွင် သေဆုံးသွားကြောင်း စစ်တွေမြို့ အမှတ် (၁) စခန်းမှူး ရန်နိုင်လတ်က ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရသည်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်တွေမြို့ ရှုခင်းသာလမ်းတွင် ရဲတပ်သား ကျော်ရဲပိုင် မောင်းနှင်ပြီး နောက်မှ ရဲတပ်သား မောင်သန့်ဇင် (၂၃) နှစ်လိုက်ပါလာသော ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးတစ်စီးကို ၀င်တိုက်မိကြောင်း၊ နောက်လမ်းဘေး အုတ်နံရံတစ်ခုကို ၀င်တိုက်ပြီး မှောက်လဲသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ သုံးဦးစလုံးကို စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာရာ ဆိုင်ကယ်မောင်းသူ ရဲတပ်သား ကျော်ရဲပိုင်မှာ ဆေးရုံတွင် သေဆုံးသွားကြောင်း စခန်းမှူးက ပြောဆိုသည်။

နောက်မှ လိုက်ပါလာသူ ရဲတပ်သား မောင်သန့်ဇင်မှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရပြီး စက်ဘီးစီးနှင်းလာသူ ဦးမောင်သာအေး(၅၂ နှစ်) မှာ ညာဘက်ဒူးခေါင်း ဒဏ်ရာ ၊ဘယ်ခြေထောက် ဒဏ်ရာများရရှိပြီး စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး ယာဉ်ထိန်းရဲမှ တရားလို လုပ်ပြီး အမှုဖွင့်ထားကြောင်း သိရသည်။

(ဓာတ်ပုံ- မြတ်သူထွန်း)
စံမောင်သန်း၊ ရန်ကုန်
Narinjara
https://www.facebook.com/Narinjara
စစ်တွေမြို့တွင် ဆိုင်ကယ်တိုက်၍ ရဲတပ်သား တစ်ဦးသေဆုံး  စစ်တွေမြို့တွင် ဆိုင်ကယ်တိုက်၍ ရဲတပ်သား တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.