ရခိုင်အရေး ရခိုင်ပြည်သူတွေကသာ ဖြေရှင်းနိုင်ကြောင်း ကိုဖီအာနန် အကြံပြု

Kofi Annan သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိနေပါသည်။
ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် က မသင့်မမြတ်ဖြစ်နေတဲ့ လူမှုအသိုင်းအ၀ိုင်းကြား ဆွေးနွေးဖြေရှင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

အနာဂတ်ကို တည်ဆောက်ရာမှာ ရခိုင်ပြည်နယ်မှာရှိနေတဲ့ အဓိက လူမှုအသိုင်းအ၀ိုင်း ၂ ခုအကြား ဆယ်စုနှစ်တွေနဲ့ချီပြီး ရှိနေခဲ့တဲ့ မယုံကြည်မှုတွေကို ကျော်လွှားဖို့၊ ၂ ဘက်စလုံးက တန်ဘိုးထားတဲ့ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေ ရရှိနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် က စစ်တွေမြို့ကို ရောက်ရှိစဉ် ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။ ရှေ့ဆက်တိုးတက်မှုရအောင် ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေ အနေနဲ့ နောက်ဆုံးမှာ ဆွေးနွေးပြောဆိုကြရမှာဖြစ်သလို ကော်မရှင် အဖွဲ့ဝင်တွေ အနေနဲ့ စိတ်ကူးတွေ အကြံဥာဏ်တွေနဲ့ အကူအညီပေးမှာ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တဦးလည်းဖြစ်တဲ့ ကိုဖီအာနန်ရဲ့ ဒီကနေ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စစ်တွေမြို့မှာ စုဝေးပြီး ရခိုင်ပြည်နယ် အကြံပေးကော်မရှင်မှာ ပြည်ပက ကျွမ်းကျင်သူတွေ ပါဝင်နေတာကို ကန့်ကွက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ရင် ပြည်ပက ကျွမ်းကျင်သူတွေဟာ ဘက်လိုက်လေ့ ရှိတတ်တဲ့အတွက် မလိုလားကြောင်းနဲ့ ပြည်တွင်းကသူတွေ၊ ရခိုင်လူမျိုးတွေကို ထည့်သွင်းဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တရားဝင်တာဝန်ယူခဲ့ပြီးနောက် တနင်္လာနေ့က ရန်ကုန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့၊ သူ့အနေနဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာမှာ ဘက်လိုက်မှုကင်းကင်းနဲ့ ဆောင်ရွက်မှာဖြစ်သလို၊ သက်ဆိုင်သူတွေ အားလုံးရဲ့ အသံတွေကိုလည်း နားထောင်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရခိုင်အရေး ရခိုင်ပြည်သူတွေကသာ ဖြေရှင်းနိုင်ကြောင်း ကိုဖီအာနန် အကြံပြု ရခိုင်အရေး ရခိုင်ပြည်သူတွေကသာ ဖြေရှင်းနိုင်ကြောင်း ကိုဖီအာနန် အကြံပြု Reviewed by THITHTOOLWIN on 17:59 Rating: 5
Powered by Blogger.