![]() |
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel (U.S. Embassy Rangoon) |
“ဒဏ်ခတ်မှုတွေကို ဆက်ထားတာဟာ ဖယ်ရှားတာထက် ပိုကြီးမားတယ်လို့ ကျနော်တို့ အနေနဲ့ အလေးအနက် ခံစားမိပါတယ်။” လို့ သံအမတ်ကြီးက ပြောဆိုသွားတာ ဖြစ်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားတာဟာ ဖိအားပေးနိုင်တဲ့ အခြေအနေတွေ ဆုံးရှုံးနိုင်တယ်လို့ လူတချို့က စိုးရိမ်ကောင်း စိုးရိမ်နိုင်တာကို နားလည်ပေမဲ့ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း အမေရိကန်က ရှုမြင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အရင်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပစ်မှတ်ထား ဒဏ်ခတ်ထားတဲ့ လူပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို နာမည်ပျက်စာရင်းကနေ ပြန်လည် ပယ်ဖျက်ပေးမှာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို တချိန်က အားမပေးတဲ့သူတွေလည်း အခွင့်အရေးတချို့ ရကောင်းရသွားနိုင်တယ်လို့လည်း သံအမတ်ကြီးက လက်ခံပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ အဆက်ဆက် လက်ထက်က နိုင်ငံရေး၊ လူ့အခွင့်အရေး လွတ်လပ်မှုတွေ မရှိဘူးဆိုပြီး အမေရိကန် အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားခဲ့ပေမဲ့၊ အခုအခါ အရပ်သားစစ်စစ် အစိုးရလက်ထက်မှာ အရင်လို ဆက်လက် အရေးယူနေဖို့ မသင့်တော့ဘူးလို့ အမေရိကန်အနေနဲ့ ယုံကြည်ကြောင်းလည်း သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အိုဘားမားတို့ရဲ့ အိမ်ဖြူတော်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တွေ့ဆုံမှုအပြီး ကြေညာ ခဲ့တဲ့ မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ဒေါ်လာ ၁၀ သန်း အာမခံ ကူညီမယ့် အစီအစဉ်ကိုလည်း ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာပဲ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com