မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ် အမြင်တချို့


NLD အစိုးရသစ်လက်ထက် အသစ်ပြန်လည်ရေးဆွဲတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ပမှာရှိတဲ့ လုပ်ငန်းရှင်တွေက ကြိုဆိုလိုက်ကြပါတယ်။တချိန်တည်းမှာပဲ ပြည်ပကလာမယ့် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြိုင်ဆိုင်ရမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေ ပိုပြီး အားကောင်းလာရေး အစိုးရဘက်ကထိထိ ရောက်ရောက် ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း သုံးသပ်ချက် တွေရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ပြည်သူ့လွှတ်တော်မှာ မနေ့ ကြာသာပတေးနေ့က အတည်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းမှာ အရင်က နိုင်ငံခြားသားနဲ့ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေတွေ ခွဲခြားထားတာတွေကို ပယ်ဖျက်ပြီး အားလုံးအတွက် တခုတည်းအဖြစ် ပေါင်းစပ်ပြီး ပြန်လည်ရေးဆွဲပြဌာန်း ထားတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ဆက်ဆံဆောင်ရွက်ရာမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံသား ရင်းနှီးမြှုပ်နှံ သူတွေ အပေါ် ပေးအပ်ထားတဲ့ ဆက်ဆံဆောင်ရွက်မှုတွေထက် လျော့နည်းမှုမရှိစေရလို့ ဖေါ်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် အမေရိကန်-မြန်မာကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဌ ဒေါက်တာကျော်ဝင်းက အခုလို ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ကို အဲဒီလိုမျိုး Chance ပေးလို့ရှိရင်တော့ We will more than 100 percent we are going to go there, that is number 1 thing. တကယ့်ကို အလုပ်ပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီမှာကအရင်တုန်းက သိပ်ပြန်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်တယ်။ ဘာဖြစ်နေလဲဆိုတော့ သွားလိုက်တိုင်းသွားလိုက်တိုင်း disadvantage တွေဖြစ်နေတယ်လေ။ နောက်ပြီး sanction တွေရှိတယ်။ အခုဒေါ်အောင်ဆန်းစုကြည်လာပြီးနောက်ပိုင်း sanction တွေလွတ်လိုက်ပြီဆိုတော့ We are very happy. ကျနော်တို့လည်း ခုနကပြောသလို နောက်လမှာပြန်ပြီးတော့ စချင်တယ်။ ကျနော်တို့စချင်တာ Agriculture နဲ့ farming။

မေး။ ။ ဟုတ်ကဲ့ အခုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်တွေကို ပိုပြီးတော့ အခွင့်အရေးကလည်း ရလာမယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေကရော အပြိုင်ပေါ့နော်၊ ပြည်ပနဲ့အပြိုင် ယှဉ်ပြိုင်ပြီးလုပ်မယ့်နေရာမှာ အားနည်းမှုတွေရှိလာနိုင်မလားရှင့်။

ဖြေ။ ။ ကျနော်အခုလုပ်တဲ့ Project ၂ ခုလုံးဟာ မြန်မာပြည်မှာမရှိတဲ့ Project။ ကျနော်တို့က transfer ပေးချင်တယ် ကျနော်တို့အမြတ်ထက် ကျနော်တို့က Technology ကိုပေးချင်တယ်၊ ဘယ်လိုလုပ်ရမလဲ ကျန်းမာရေးအတွက် ကောင်းဟာကို ကျနော်တို့က သင်ပြချင်တယ်။ ဒါတွေကို အားပေးပြီးတော့ စိုက်ပျိုးရေးကို လုပ်စေချင်တယ်။ စားသုံးဆီက သိပ်ပြီးတော့ အလွန်အရေးကြီးတယ်။ ကျနော်တို့ မြန်မာလူမျိုးရဲ့ per capita တဦးကို တနှစ်သုံးတဲ့နှုန်းက အာဆီယံ နိုင်ငံ ၁၀ နိုင်ငံမှာ သူများထက် ရာခိုင်နှုန်း ၂၀- ၃၀ လောက်ကို ပိုသုံးတယ်။ ဆိုတော့ ဆီက ကျနော်တို့ အများဆုံးသုံးတယ်။ ဒါပေမယ့် သုံးတဲ့ ဆီက မကောင်းဆုံး။ အဲဒါကို ကျနော်တို့က ကျန်းမာရေးနဲ့ ညီအောင် အဲဒီဟာကို အဓိကလုပ်ပေးချင်တယ်။ ကျနော်တို့က ပြိုင်ဖို့ စီးပွားရေးသတ်သတ်ပဲ မဟုတ်ဘူး။ ကျနော်တို့က ကျန်းမာတဲ့ ကောင်းတဲ့ ဆီကိုပဲ သွင်းပေးချင်တယ်။ အလားတူ ကျနော်တို့က ပုဇွန်မွေးမြူရေးမှာ အောင်မြင်အောင် ပရိုတင်းဓါတ်များများရအောင် ဈေးပေါပေါနဲ့ ရအောင် ကျနော်တို့က အဲဒီ ပုဇွန်သားဖောက်တဲ့ဟာကို Technology ကို transfer လုပ်ပေးချင်တယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်မှာ အများယုံကြည်မှု ကိုရစေမယ့် ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ်ကို ပြဌာန်းဖို့ ကြိုးစားနေကြောင်းပြောကြားခဲ့ပြီးနောက် ရက်သတင်း ပတ်နှစ်ပတ်အကြာမှာ အခုလို ပြည်သူလွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို အတည်ပြုခဲ့တာပါ။

တချိန်တည်းမှာပဲ အမေရိကန်ဘက်ကလည်း မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ပြင်ဆင်နေတာပါ။ ဒီအခြေအနေတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်လာပေမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်လည်း အခွင့်အလမ်းတွေ ပိုပြီးအားကောင်းလာရေး ထိရောက်အောင်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်တဦးလည်းဖြစ်၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးအကြံပေးကော်မတီဝင်တဦးလည်းဖြစ်တဲ့ ဦးမင်းခင်က သုံးသပ်ပါတယ်။

“ပြည်တွင်းကလုပ်ငန်းရှင်တွေပိုပြီးတော့ အားကောင်းမောင်းသန် နိုင်ငံခြားသားတွေနဲ့ တွဲပြီးတော့ အပြိုင်တွဲပြီးတော့ လုပ်နိုင်ဖို့က ပိုအရေးကြီးတယ်။ အဲဒါမှာ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်တွေအတွက်ရော လုပ်ငန်း လုပ်ခွင့်ကိုင်ခွင့်ပေါ်လာမှာ လုပ်ငန်း ကျယ်လာမယ်။ အဲဒါကို သက်ဆိုင်ရာအစိုးရက ထိထိရောက်ရောက်တကယ့်အောင်မြင်အောင်လို့ လုပ်နိုင်ဖို့လိုတယ်။ အဲဒါမှ လုပ်ကွက်လုပ်ငန်းခွင်တွေ ကျယ်လာပြီးတော့ စီးပွားရေးလည်း ဖွံ့ဖြိုးမယ်၊ ၀င်ငွေလည်းတိုးမယ်၊ တကယ့်ကို ဖွံ့ဖြိုးတိုးတက်မှုကိုသွားလိမ့်မယ် အဲဒါကတော့ အရေးကြီးတယ်။”

ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဒီဥပဒေမတိုင်ခင် ရှိပြီးသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအပေါ်မှာတော့ သက်ရောက်မှုမရှိဘူးလို့ ဖေါ်ပြထားပါတယ်။

အရင် စစ်အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် တာဝန်ယူမှုမရှိခဲ့သလို၊ အများပြည်သူမသိခဲ့တဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေရင်ဆိုင်ခဲ့ရတာပါ။ အခု ဥပဒေသစ်အရ နိုင်ငံအကျိုးစီးပွားအတွက် သဘာဝနဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဖွံဖြိုးတိုးတက်စေဖို့ရည်ရွယ်ကြောင်းဖေါ်ပြထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ် အမြင်တချို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ် အမြင်တချို့ Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.