ကလေးတွေကို ညှဉ်းပမ်းနှိပ်စက်သူတွေကို အရေးယူပေးဖို့ ၈၈ အဖွဲ့တိုက်တွန်း

အမျိုးသမီးငယ်နှစ်ဦး ညှဉ်းပမ်းနှိပ်စက်ခံရတဲ့အမှု အရေးယူပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်။ Photo: The 88 Generation Peace and Open Society
အစိုးရအနေနဲ့ အင်းဝအပ်ချုပ်ဆိုင်အိမ်ဖော် အမျိုးသမီးငယ်နှစ်ဦး ညှဉ်းပမ်းနှိပ်စက်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့သူတွေနဲ့ တာဝန်ရှိသူတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အမျိုးသမီးငယ်နှစ်ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ လူ့အခွင့်ရေးချိုးဖေါက်မှုကို အားပေးခဲ့တဲ့ပုံစံမျိုး တွေ့ရတယ်လို့လည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လူထုဆက်ဆံရေးနှင့် လူ့အခွင့်အရေးဌာန တာဝန်ခံ ကိုဂျင်မီက ပြောပါတယ်။

"ကျွန်တော်တို့ရဲ့အမြင်မှာကိုက လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ရာဇဝတ်မှုကို လျော်ကြေးပေးရုံနဲ့ လွတ်မြှောက်သွားတယ်ဆိုတာဟာ လူ့အခွင့်အရေးချိုးဖေါက်မှုကို တနည်းနည်းနဲ့အားပေးနေတယ်လို့ ကျွန်တော်တို့ကမြင်တယ်၊ ရာဇတ်ဝတ်မှုမြှောက်တဲ့ဟာကို အရေးယူရမယ်၊ လျော်ကြေးပေးတာကိုလည်း တပိုင်းလုပ်ရမယ်"

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဖြေရှင်းပုံဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရရဲ့မူဝါဒတွေနဲ့ ဆန့်ကျင်နေပြီး နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အပြင် လူ့အခွင့်အရေးချိုးဖေါက်တဲ့ အမှုတွေကို လျော်ကြေးပေးရုံနဲ့ လွတ်မြှောက်သွားတယ်ဆိုတာကို လက်မခံဘူးလို့လည်း ၈၈ အဖွဲ့ရဲ့ကြေညာချက်ထဲမှာ ပါရှိပါတယ်။

အင်းဝအပ်ချုပ်ဆိုင်က အိမ်ဖေါ်အမျိုးသမီးငယ်နှစ်ဦး ညှဉ်းပမ်းနှိပ်စက်ထားတဲ့အမှုကို လျော်ကြေးငွေနဲ့ အမှုကြေအေးဖို့ နှစ်ဘက်သဘောတူခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီအမှုဟာ လူကုန်ကူးမှု၊ ညှဉ်းပမ်းနှိပ်စက်မှုဖြစ်တဲ့အတွက် လူမှု့ဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပါ အမှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ပြင်နေသလို တခြားဥပဒေအဖွဲ့အစည်းတွေကလည်း တရားစွဲဖို့စီစဉ်နေပါတယ်။

ဒါ့အပြင် ဒီမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအကာအကွယ်မပေးခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့ကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ အရေးကြီးအဆိုကို ဒီကနေ့ မနက်ပိုင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် က တင်သွင်းခဲ့ပြီး လွှတ်တော်မှာလက်ခံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကလေးတွေကို ညှဉ်းပမ်းနှိပ်စက်သူတွေကို အရေးယူပေးဖို့ ၈၈ အဖွဲ့တိုက်တွန်း ကလေးတွေကို ညှဉ်းပမ်းနှိပ်စက်သူတွေကို အရေးယူပေးဖို့ ၈၈ အဖွဲ့တိုက်တွန်း Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.