ကျူးကျော်စာရင်းကောက်ယူမှု ယာယီရပ်ဆိုင်းထား

ကျူးကျော်စာရင်းကောက်ယူနေကြစဉ်။ ဓာတ်ပုံ-ဟံသာဟိန်း
ရန်ကုန်၊စက်တင်ဘာ ၁၂။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်စာရင်းကောက်ယူနေမှုကို နည်းပညာလိုအပ်ချက်များရှိနေခြင်းကြောင့် ယာယီရပ်ဆိုင်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ကျူးကျော်စာရင်းများကောက်ယူရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အား စက်တင်ဘာလပထမအပတ်က စတင် ကောက်ယူခဲ့သော်လည်း နည်းပညာလိုအပ်ချက်ကြောင့် ယာယီပြန်လည်ရပ်နားခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''လက်ဗွေစနစ်၊မျက်လုံးအမှတ်အသားစနစ်နဲ့ အခြားအချက်အလက်တွေကို ကွန်ပျူတာစနစ်နဲ့ကောက်ယူတယ်။ကျူးကျော်စာရင်းကောက်ယူတဲ့နေရာမှာ ဆော့ဝဲလ်ပိုင်းလိုအပ်ချက်တွေရှိနေတဲ့အတွက် ယာယီရပ်ဆိုင်းထားပါတယ်။နည်းပညာဆိုင်ရာ လိုအပ်ချက်တွေ ဆောင်ရွက်ပြီး ပြန်လည်ကောက်ယူသွားမှာပါ'' ဟု ၄င်းကဆိုသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရပ်ကွက် ၂၀ ရှိ ကျူးကျော်စာရင်းများကို ကောက်ယူရန် စီစဉ်ထားသော်လည်း ဆော့ဝဲပိုင်းလိုအပ်ချက်ကြောင့် ၁၂ဦးသာ ကောက်ယူနိုင်ခဲ့ကြောင်း ကျူးကျော်စာရင်းများကောက်ယူမှုအဖွဲ့ထံမှ သိရှိရသည်။

ကျူးကျော်စာရင်းများကောက်ခံမည့် အဖွဲ့ကို ဇွန်လဆန်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးမှဦးဆောင်ကာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် ဖွဲ့စည်းထားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမ၀င်နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇၇၃၈ ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ခန့်ရှိကြောင်း သိရှိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar

ကျူးကျော်စာရင်းကောက်ယူမှု ယာယီရပ်ဆိုင်းထား ကျူးကျော်စာရင်းကောက်ယူမှု ယာယီရပ်ဆိုင်းထား Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.