ကနီ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာ အုပ်စု၊ ညောင်ပင်ဝန်း ကျေးရွာတွင် ချင်းတွင်းမြစ်ကမ်းဘေးမှ ပေ(၁၅၀)ကျော်ခန့် အကွာတွင် မြေများနိမ့်ဆင်း၍ ပတ်ကြားအက်များ သြဂုတ် ၂၇ ရက်မှစ၍ ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းကျေးရွာပြည်သူတစ်ဦး ပြောပြချက်အရသိရသည်။
ယင်းသို့ အက်ကွဲရခြင်းမှာ ကျွန်တော်တို့ကျေးရွာဟာ ချင်းတွင်းမြစ်ကမ်းဘေး တွင်ရှိပြီး ရွာ၏ ကြောဘက်မှာ မြစ်ရေတက်လျင်ရေ၀င်ရောက်သည့် တဇယ်ချောင်းအင်းရှိရာ မြစ်ရေများကျဆင်းသွား သည့်အခါ ဒီအင်းမှ ရေများက မြစ်ဘက်သို့အချို့နေရာများတွင် စိမ့်ထွက်မှုများရှိ၍ အခုလိုမြစ်ကမ်းဘေးမှာ နှစ်နှစ်ရှိပြီ မြေများနိမ့်ဆင်း အက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ကတော့ ရွာ၏အစွန်ထက်ဘက်တွင် ဖြစ်ခဲ့ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။
အဆိုပါမြေများနိမ့်ဆင်း ပတ်ကြားအက်ကွဲမှုများဖြစ်ပွား၍ မြစ်ကမ်းဘေးမှ ဦးစန်းလင်းနေအိမ်နှင့် ဦးတင်ခို၏ နွားတဲနှင့် ကမ်းနဖူးလမ်း ထက်ဝက်ခန့် အက်ကွဲနေမှုများကို မြို့နယ်သဘာဝဘေးကြိုတင် ကာကွယ်ရေး ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု၍ ဆက်လက်၍ မြေနိမ့်ဆင်းမှုများ ဖြစ်ပွားလျှင် ရွေ့ပြောင်းဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက် ထားကြောင်း သိရသည်။
၎င်းညောင်ပင်ဝန်ကျေးရွာတွင် အိမ်ခြေ(၁၁၈)အိမ်၊ အိမ်ထောင်စု(၁၅၆)စုရှိပြီး လူဦးရေ(၇၆၅)ဦး နေထိုင်ကာ တောင်သူနှင့် ရေကြောင်းကိုအသုံးပြု လုပ်ကိုင်ကြကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကနီမြို့နယ် ညောင်ပင်ဝန်းကျေးရွာ မြေများနိမ့်ဆင်း၍ ပတ်ကြားအက်များဖြစ်ပေါ်
Reviewed by THITHTOOLWIN
on
09:31
Rating:
