နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် တို့တွေ့ဆုံခြင်း


(၁၃-၉-၂၀၁၆ ရက်နေ့၊ လန်ဒန်မြို့)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ၁၁:၁၅ နာရီတွင် No.10. Downing Street ရှိ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်၏ နေအိမ်၌ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Rt. Hon. Ms.Theresa May နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်မှ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ချောမွေ့သည့် နိုင်ငံရေး အကူးအပြောင်းတို့အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လိုအပ်မည့် ကဏ္ဍများတွင် ဗြိတိန်နိုင်ငံမှ ကူညီပေးရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးကိုလည်း ပိုမိုတိုးမြှင့်ရန်ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဗြိတိန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်နိုင်မည့် အခွင့်အလမ်းများရှာဖွေရန်အတွက် မကြာမီကာလအတွင်း လန်ဒန်မြို့တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ဖရင့်တစ်ခုပြုလုပ်ရန်ရှိကြောင်းစသည်ဖြင့်ပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေမှုများ၊ လူငယ်များအတွက်အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးဆောင်ရွက်နေမှုများ၊ ပညာရေးကဏ္ဍတွင် အခြေခံပညာအဆင့်မှစတင်၍ အဆင့်မြှင့်တင်ရေးအတွက်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့အပြင်ကျန်းမာရေး နှင့်ပညာရေးကဏ္ဍများတွင် နည်းပညာ နှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်မှုများအတွက် ကူညီမှုများ ရရှိရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ထိုနောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၃:၀၀ နာရီတွင် Palace of Westminster တွင် ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Ms. Priti Patel နှင့်လည်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး၊ လန်ဒန်မြို့

- မြန်မာကိုယ်စားလှယ်အဖွဲ့
Ministry of Foreign Affairs Myanmar

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် တို့တွေ့ဆုံခြင်း  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် တို့တွေ့ဆုံခြင်း Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.