ပြည်နယ်အစိုးရက ကျူးကျော်နေအိမ်များ မြေထိုးစက်ကြီးများဖြင့် ဖြိုချဖျက်ဆီး


ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဆောက်ထားကြသော လူနေအိမ်များ ကို ပြည်နယ် အစိုးရက မြေထိုးစက်ကြီးများဖြင့် ယနေ့ ဖြိုချဖျက်ဆီးခဲ့သည်။

ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်၏ ဦးဆောင်မှုဖြင့် အင်အား ၁၀၀ ခန့်ရှိသော ချင်းပြည်နယ်နှင့် ကလေးခရိုင်ရဲတပ်ဖွဲ့တို့မှ မြေထိုးစက် (JCB) စက်ကြီး ၄ လုံးဖြင့် ယနေ့နံနက်ပိုင်း ၆ နာရီကစတင်ပြီး လူနေအိမ် ၃၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ပြည်နယ်အစိုးရအနေဖြင့် အဆိုပါ ဆီးယင်းသစ်တောကြိုးဝိုင်း အမှတ် (၁၄၄) တွင် နေထိုင်သူများအား ၂ ကြိမ်သတိပေးပြီး ဖြစ်သော် လည်း ပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ် ကပြောသည်။

“ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ warning (သတိပေးချက်) ၂ ခါပေးပြီးပြီ၊ ၇ ရက်နေ့ ၈ လပိုင်း ကပေး ပြီးပြီ၊ နောက်ပြီးတော့ ၂၂ နေ့နောက်ဆုံး ထပ်ပေးတာလေ၊ ကိုယ့်ဟာကိုဖျက်သွား ရင်ပြသနာမဖြစ်ဘူးလေ၊ မဖျက်တော့ ဒီစီမံခန့်ခွဲမှုနည်းနဲ့ ဆုံးဖြတ်တာပဲ’’ ဟု ၀န်ကြီးကပြောသည်။

နေအိမ်များဖျက်ဆီးခံရသည့် ဒေသခံပြည်သူများသည် အနီးရှိ စီးစံကျေးရွာနှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း ၀င်ရောက် ခိုလှုံကြရသည်။ တစ်ချို့မှာလည်း ဆွေးမျိုးအသိုင်းအ၀န်းထံသို့ သွားရောက်ခိုလှုံသူများလည်းရှိ သည်ဟု သိရသည်။

“ကျနော်တို့ကို အစိုးရက ဒီမှာမနေဖို့ အမြန်ဆုံးပြောင်းရွှေ့ကြဖို့ သတိပေးပါတယ်၊ ဒါပေမယ့် ကျနော်တို့မှာ တခြားနေစရာ မှမရှိတာ ဘယ်မှာ သွားနေရမှာလည်း၊ အစိုးရကို မလေးစားလို့ ၊ အာခံတာလည်းမဟုတ်ပါဘူး၊ ဒီမှာနေကြတဲ့သူတွေဟာ တခြားမှာနေစရာ အိမ်မရှိကြပါဘူး၊ အခု အိမ်လည်းအဖျက်ခံရပြီ၊ ကျနော်တို့ဘယ်မှာ သွားနေမှာရလဲ၊ အစိုးရက ကိုယ့်ပြည် သူတွေကို သက်ညှာထောက် ထားမယ် လို့ ကျနော်တို့ယုံကြည် ခဲ့တယ်၊ ဒါပေမယ့် ဒီနေ့ဒီလိုအဖြစ်ဆိုးနဲ့ကြုံခဲ့ရတယ်’’ ဟု နေအိမ်ဖျက်ဆီးခံရသူတစ်ဦးကပြော သည်။

ပြည်နယ်အစိုးရအနေဖြင့် လူနေအိမ်များအားလုံးဖျက်စီးပြီးပါက အဆိုပါနေရာတွင် ကျွန်းပင်များကို တခါတည်းစိုက်ပျိုး သွားရန် စီစဉ်ထားကြောင်းသိရသည်။

ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နားတွင် တည်ရှိသော ဘွာလ်ပီးကျေးရွာဟုခေါ်ဆိုကြသော အဆိုပါဒေသတွင် အိမ်ခြေ စုစုပေါင်း ၃၆၁ အိမ် ရှိသော်လည်း အမှန်တကယ်နေထိုင်သူမှာ လူဦးရေ ၁၈၀ ခန့်သာရှိကြသည်။ အဆိုပါဒေသ တွင် နေထိုင်သူများ သည် ၂၀၁၅ ခုနှစ် သဘာဝဘေးဒဏ်ဖြစ်ပြီးနောက်ပိုင်း ပြောင်းရွှေ့လာကြသူများဖြစ်သည်။

ချင်းပြည်နယ်အစိုးရကတော့ ၎င်းတို့သည် သဘာဝဘေးဒဏ်ခံခဲ့ရသည့် ဒုက္ခသည်အစစ်များမ ဟုတ်ကြောင်းပြော ဆိုနေ သော်လည်း ဒေသခံများကမူ သဘာဝဘေး၊ လူမှုဘ၀ဒုက္ခအမျိုးမျိုးကြောင့် ယခုနေရာသို့ ပြောင်းရွှေ့အခြေချ လာကြ ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

Khonumthung Burmese
http://www.khonumthungburmese.org
ပြည်နယ်အစိုးရက ကျူးကျော်နေအိမ်များ မြေထိုးစက်ကြီးများဖြင့် ဖြိုချဖျက်ဆီး ပြည်နယ်အစိုးရက ကျူးကျော်နေအိမ်များ မြေထိုးစက်ကြီးများဖြင့် ဖြိုချဖျက်ဆီး Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.