ဦးစားပေးထုတ်ပြန်သင့်တဲ့ ဥပဒေ ၄၈ ခုကို သူရဦးရွှေမန်းကော်မရှင် တင်ပြ

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဌ ဦးကိုကိုနိုင် စက်တင်ဘာလ ၁၂ ရက်နေ့ က ပြည်ထောင်စု လွှတ်တော်မှာ တင်ပြနေစဉ်။Photo: Win Ko Ko Latt/ RFA
သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ဦးစားပေးပြဌာန်းဖို့လိုအပ်တဲ့ ဥပဒေ ၄၈ ခုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြလိုက်ပါတယ်။

တည်ဆဲဥပဒေတွေဟာ အရင်ခေတ်အဆက်ဆက်က အစိုးရကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ လည်းရှိတဲ့အတွက် ခေတ်ကာလနဲ့ညီမညီပြန်လည် သုံးသပ်ပြီး ပြင်ဆင်တာ၊ အသစ်ပြဌာန်းတာတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ကော်မရှင်က ပြဌာန်းဖို့ ပေးပို့ထားတဲ့ ဥပဒေတွေထဲမှာ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲရေး ဆိုင်ရာဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ အမျိုးသမီးများ အား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာဥပဒေ၊ မသင်မနေရပညာရေး ဥပဒေ၊ နိုင်ငံခြားသားအလုပ်သမား ဆိုင်ရာ ဥပဒေ၊ ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေး ဥပဒေ၊ မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ ဥပဒေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဝန်ထမ်းဆိုင်ရာဥပဒေ စတဲ့ ဥပဒေ ၄၈ ခုတို့ ဖြစ်ပါတယ်။

ဥပဒေနဲ့ဆိုင်တဲ့ နည်းဥပဒေ၊ စည်းမျည်း ၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆက်လက်ထုတ်ပြန်ရတာဖြစ်ပေမယ့် နည်းဥပဒေမထုတ်ပြန်နိုင်တဲ့ ဥပဒေတွေရှိနေကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။

နည်းဥပဒေ ရေးဆွဲထုတ်ပြန်ဖို့ ကြန့်ကြာနေတာ၊ ပျက်ကွက်နေတာတွေကြောင့် မူလဥပဒေရဲ့ ရည်ရွယ်ချက်၊ အကျိုးသက်ရောက်မှုနဲ့ ဥပဒေရဲ့ အကာအကွယ် ကို ပြည်သူတွေ မရရှိကြောင်း အကောင်အထည်ဖော်ရမယ့် ဌာန၊ အဖွဲ့အစည်းတွေက လည်း ဘယ်လိုအကောင်အထည်ဖော်ရမယ် ဆိုတာ မသိရှိကြကြောင်း လည်း ထောက်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က တင်ပြတဲ့ ဥပဒေ ၄၈ ခုကို ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးစားပေးထုတ်ပြန်သင့်တဲ့ ဥပဒေ ၄၈ ခုကို သူရဦးရွှေမန်းကော်မရှင် တင်ပြ ဦးစားပေးထုတ်ပြန်သင့်တဲ့ ဥပဒေ ၄၈ ခုကို သူရဦးရွှေမန်းကော်မရှင် တင်ပြ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.