တုံတာမြို့အနီး တောင်ပေါ်ကားလမ်းမ၌ ခင်ပွန်းဖြစ်သူက ဇနီးနှင့် အဖော်အမျိုးသမီးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား


(တုံတာ၊ စက်တင်ဘာ ၉)

ရှမ်းပြည်နယ်အရှေ့ပိုင်း တုံတာမြို့အနီးတွင် စက်တင်ဘာလ ၈ ရက် နံက် ၈နာရီခန့်က အမျိုးသမီးနှစ်ဦး ဓားခုတ် ခံရသဖြင့် တုံတာဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ကူညီလိုက်လံ ဆောင်ရွက်ပေးခဲ့သူ တုံတာမြို့နေ ဒေါ်နန်းနွေနှောင်းထံက ကနဦး သတင်းရရှိသည်။

“ကိုအငယ်လေးဆိုသူက သူ့အမျိုးသမီး ဒေါ်နန်းဝိုနဲ့ အဖော်ပါသူ မ၀င်းကို ဆိုင်ကယ်နဲ့ လိုက်ပြီး ဓားနဲ့ ခုတ်တာလို့ သိရပါတယ်၊ အခုတော့ ဒဏ်ရာပြင်းလို့ တုံတာဆေးရုံကနေ ကျိုင်းတုံဆေးရုံကို ဆက်ပို့နေပါတယ်“ ဟု ၄င်းကပြောသည်။

ဖြစ်စဉ်မှာ နံနက်၈နာရီခန့်တွင် မိုင်းပျင်းမြို့နယ်၊ ကိုးမိုင်ရွာနေ ဒေါ်နန်းဝိုစံ(ခေါ်)နန်းရွက်နှင့် အဖော်ဖြစ်သူ မရွှေရည်ဝင်းတို့သည် နောင်ချိုကျေးရွာဖက်သို့တုံတာမြို့မှဆိုင်ကယ်ဖြင့်သွားရောက်စဉ် ၅ မိုင်ခန့်အကွာ ကိုးကွေ့တောင်ထိပ်နား အရောက်၌ ဖုန်းပြောရန် ရပ်နားနေစဉ် နောက်မှ ဆိုင်ကယ်ဖြင့်လိုက်လာသည့် ဒေါ်နန်းဝို၏ခင်ပွန်းဖြစ်သူ ကိုအငယ်လေးဆိုသူက ဆိုင်ကယ်နှင့်အတူ ယူဆောင်လာသည့်ဓားဖြင့် လိုက်လံခုတ်ရာမှ ၀င်ရောက်တားမြစ်သည့် မရွှေရည်ဝင်းကိုပါ ဓားဖြင့်ခုတ်သဖြင့် ချောက်ထဲသို့ နှစ်ယောက်လုံးပြေးဆင်းပုန်းအောင်း နေပြီး ကိုအငယ်လေး ဆိုင်ကယ်ပြန်သွားသံကြားပြီးမှ လမ်းပေါ်သို့တက်ရောက်ကာ လာသည့်ကားအားတား၍ တုံတာဆေးရုံသို့ သွားရောက်ကုသခံရပြီးနောက် ဒဏ်ရာပြင်းသဖြင့် ကျိုင်းတုံဆေးရုံသို့ပြောင်းရွှေ့ကုသခံရရန် သွားရောက်လျက်ရှိကြောင်း ဒေါ်နန်းနွေနှောင်းထံကသိရှိရသည်။

“နံနက် ၉ နာရီ ၂၀ လူနာတွေ ရောက်လာတယ်၊ ဆရာဝန်ကြီးနဲ့ကျွန်မတို့ကုသပေးပြီး ခေါင်းနဲ့လက်ဒဏ်ရာတွေက စိုးရိမ်ရလို့ ကျိုင်းတုံဆေးရုံကို ရဲဆေးစာနဲ့အတူ လွှဲပို့ပေးလိုက်ပါတယ်“ဟု (၁၆)ကုတင်ဆန့် တုံတာတိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြုဒေါ်ဝင်းလဲ့ကြည်က ဆိုသည်။

ဓားဖြင့်ခုတ်သူ ဦးညီညီစိုး(ခေါ်)ကိုအငယ်လေးအား တုံတာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးရာ တရားခံအားနေ့လည်၂နာရီ၃၀မီးနစ်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တရားခံအား (ပ)၇/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရ အရေးယူဆောင်ရွက်ထားရှိကြောင်း တုံတာနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းညွန့်ထံက သိရသည်။

ထိုတရားခံ ကိုအငယ်လေးဆိုသူမှာ ပြီးခဲ့သည့်လအတွင်းက ဆေးကြောင်၍တခြားသူပိုင်ဆိုင်ကယ်အားမီးရှို့ သဖြင့် အချုပ်ခံခဲ့ရဘူးသူဖြစ်ပြီး လတ်တလောတွင် ၄င်း၏ဇနီးမှာ အခြားသူနှင့်ဖောက်ပြန်နေသည်ဟုစိတ်မှတ်မှားနေ ကာ ယခုတွင်လည်း ဆေးကြောင်၍ ယင်းအမှုကိုကျူးလွန်ခြင်းဖြစ်မည်ဟုပတ်ဝန်းကျင်က ထင်ကြေးပေးနေကြကြောင်း စုံစမ်းသိရှိရသည်။

စိုင်းသိင်္ခသူ
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
တုံတာမြို့အနီး တောင်ပေါ်ကားလမ်းမ၌ ခင်ပွန်းဖြစ်သူက ဇနီးနှင့် အဖော်အမျိုးသမီးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား  တုံတာမြို့အနီး တောင်ပေါ်ကားလမ်းမ၌ ခင်ပွန်းဖြစ်သူက ဇနီးနှင့် အဖော်အမျိုးသမီးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:21 Rating: 5
Powered by Blogger.