ပုသိမ်မြို့၌ မီးလောင်မှုတစ်ခုကြောင့် လူတစ်ဦး မီးလောင်ဒဏ်ရာ ရရှိကာ စက်သုံးဆီသိုလှောင်ရုံ တစ်ရုံပျက်စီး


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ငှက်ပျောတန်းလမ်းနှင့် ဆီဆိုင်လမ်းကြားထောင့်တွင် စက်တင်ဘာ၁၂ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး စက်သုံးဆီနှင့် ရေနံချေးများ ထားရှိသည့် သိုလှောင်ရုံ တစ်ရုံနှင့် ဆိုင်ကယ်နှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီလောင်မှုသည် ရေနွေးအိုးတည်ရန် ပလပ်ထိုးရာ၌ မီးစထွက်ရာမှ အနီးရှိ ဓာတ်ဆီပုံးပေါ်သို့ မီးကျကာ နံနက် ၈နာရီ၅၀မိနစ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးငွေတန်ဖိုး ကျပ်သိန်း ၂၀ကျော်ခန့်ရှိကာ နံနက် ၉နာရီ၃၀မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
“မီးပွားကျပြီး စတင်မီးလောင်းတယ်။ အိမ်ပိုင်ရှင်ကိုအခုတရားစွဲထားတယ်။” ဟု ပုသိမ်မြီု့မီးသတ်ဌာနမှ တပ်ကြပ်ကြီး ဦးရဲမင်းထွန်းက ပြောသည်။


မီးလောင်မှုဖြစ်ပွားနေစဉ် ပုသိမ်မြို့နယ် မီးသတ်စခန်း၊ ငဝန်ကျွန်းသာ မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လေတပ်မှ မီးသတ်ယာဉ်၊ မနောဖြူလူမှုရေးအသင်းမှ ရေသယ်ယာဉ်တို့ အပါအဝင် စုစုပေါင်း မီးသတ်ကား ငါးစီး၊ ရေသယ်ယာဉ်ငါး စီးတို့ဖြင့် မီးသတ်ခဲ့ရာ နံနက် ၉နာရီ၃၀မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
“မီးလောင်နေတဲ့အိမ်က ဆိုင်ကယ်ကိုထားခဲ့ပြီး ထွက်ပြေးလာတယ်။ ပြီးတော့ မီးလောင်နေတယ်လို့ အော်ပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတယ်။ ကျွန်မသိတဲ့အချိန်က မီးလောင်တာ မနက် ၈ နာရီ မိနစ် ၂၀ လောက်မှာ လောင်နေတာ။ မီးလောင်တာကို ကြိတ်ပြီးငြိမ်းနေတာ။ မနိုင်တော့မှ အော်ပြီးအကူအညီတောင်း တော့တာ။” ဟု ငှက်ပျောတန်းလမ်းတွင် ဈေးရောင်းချနေပြီး မီးလောင်မှုကို မြင်တွေ့ခဲ့သူ ဒေါ်မနီက ပြောသည်။

အဆိုပါ မီးလောင်မှုအတွက် တာဝန်ရှိသည့် စက်သုံးဆီသိုလှောင်ရုံပိုင်ရှင် ဒေါ်ခင်မျိုးရီအား ပုသိမ်မြို့၊
နယ်မြေရဲစခန်းက ပြစ်မှုနံပါတ် ၂၈၂/၂၀၁၆၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဒဏ်ရာရရှိသူ ဆီဆိုင်လုပ်သား ဦးမောင်ငယ်အား ပုသိမ်မြို့ဆေးရုံသို့ ပိုဆောင်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပုသိမ်မြို့၌ မီးလောင်မှုတစ်ခုကြောင့် လူတစ်ဦး မီးလောင်ဒဏ်ရာ ရရှိကာ စက်သုံးဆီသိုလှောင်ရုံ တစ်ရုံပျက်စီး  ပုသိမ်မြို့၌ မီးလောင်မှုတစ်ခုကြောင့် လူတစ်ဦး မီးလောင်ဒဏ်ရာ ရရှိကာ စက်သုံးဆီသိုလှောင်ရုံ တစ်ရုံပျက်စီး Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.