![]() |
အင်ဒိုနီးရှားနိုင်ငံက မူးယစ်တိုက်ဖျက်ရေး ခေါင်းဆောင် Budi Waseso (အလယ်) က ဖိလစ်ပိုင်လို ပေါ်လစီကျင့်သုံးလို (Credit: ABC) |
တရားမဝင် မူးယစ်ဆေးဝါ ကုန်ကူးတဲ့ ပြဿနာကို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က ဖြေရှင်းနေကြပြီး အင်ဒိုနီးရှားက အပြစ်ရှိတဲ့လူတွေကို သေဒဏ်ပေးတဲ့အထိ လုပ်ဆောင်ထားပေမယ့် ဖိလစ်ပိုင်မှာတော့ တရားခွင်မရောက်ခင်ကတည်းက မူးယစ်ကုန်ကူးသူလို့ ယူဆရသူတွေကို ပစ်သတ်ခွင့်ပေးထားပါတယ်။
ဖိလစ်ပိုင် သမ္မတရဲ့ ပေါ်လစီကို အားကျပြီး အင်ဒိုနီးရှား မူးယစ်တိုက်ဖျက်ရေး အရာရှိက သူ့ရဲ့ လက်အောက်ငယ်သားတွေကို တိုးချဲ့လိုက်သလို၊ လက်နက်တွေကိုလည်း ပိုမိုတိုးချဲ့ချပေးလိုက်ပါတယ်။
လာမယ့် တပတ်မှာလည်း ဖိလစ်ပိုင်နိုင်ငံ ခေါင်းဆောင်နဲ့ အင်ဒိုနီးရှား ခေါင်းဆောင်တို့ ဂျာကာတာမြို့မှာ တွေ့ဆုံဖို့ရှိပြီး မူးယစ်ကုန်ကူးမှု တိုက်ဖျက်ရေးအကြောင်း ဆွေးနွေးနိုင်ပါတယ်။
အင်ဒိုနီးရှားက ဖိလစ်ပိုင်လို ပေါ်လစီကို ကျင့်သုံးနိုင်ပါ့မလားလို့ မေးတဲ့အခါ အင်ဒိုနီးရှား မူးယစ်တိုက်ဖျက်ရေး အရာရှိ Budi Waseso က သူတို့နိုင်ငံရဲ့ မူးယစ်ပြဿနာက ဖိလစ်ပိုင်လိုပဲ ဆိုးသွမ်းတဲ့အတွက် အလားတူ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ မူးယစ်ကုန်ကူးသူတွေဟာ လူအများအပြားကို သတ်နေတဲ့လူ ဖြစ်တာကြောင့် သူတို့ရဲ့ အသက်က နှမြောစရာမဟုတ်ဘူးဆိုတဲ့ သဘောမျိုးနဲ့ ရိုက်တာ သတင်းကို ပြောသွားခဲ့ပါတယ်။
ဒါပေမဲ့ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဖိလစ်ပိုင်လောက် ကြမ်းတမ်းတဲ့ ပေါ်လစီကို ကျင့်သုံးမှာ မဟုတ်ပဲ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥပဒေနဲ့ နိုင်ငံတကာ ဥပဒေအရသာ လုပ်ဆောင်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ဖိလစ်ပိုင်နိုင်ငံလို လိုက်မတုဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
ဖိလစ်ပိုင် သမ္မတ ရော်ဒရီကို ဒူတာတေး အာဏာရလာပြီး ၂ လအတွင်း မူးယစ်ကုန်ကူးသူလို့ ယူဆရတဲ့ လူပေါင်း နှစ်ထောင်ကျော် ပစ်သတ်ခံခဲ့ရပြီး လူ့အခွင့်အရေးအဖွဲ့တွေက တရားခံတွေကို တရားရင်ဆိုင်ခွင့် မပေးတဲ့အတွက် တရားမဝင်လူသတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မူးယစ်နှိမ်နင်းရာမှာ ဖိလစ်ပိုင်ကို အတုယူဖို့ အင်ဒိုစဉ်းစား
Reviewed by THITHTOOLWIN
on
20:43
Rating:
