စစ်ကြောင့် ပျက်စီးသွားတဲ့ နိဗ္ဗာန်ဘုံ


(စက်တင်ဘာ ၂၀ရက်၊ ၂၀၁၆ခုနှစ်။)

တောင်တန်းတွေနဲ့ ၀န်းရံထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရဲ့ ညနေစောင်း မှောင်ရီပျိုးစ မှုန်မှုန်ဝါးဝါးအောက်မှာ ခြံဝိုင်းတစ်ခုထဲ တစ်ထပ်တိုက်ပုဘေးနား ကပ်လျက်က အကာ ၀ါးထရံ၊ အမိုး သွပ်နဲ့ မိုးထားတဲ့ အလျား၊ အနံ ၇ပေ၊ ၈ပေ ကျယ်တဲ့ တဲပုလေးတစ်လုံးရဲ့ အခန်းကျဉ်းလေးထဲမှာ ပဲပြုတ်ရောင်းတဲ့ အမျိုးသမီးကြီးတစ်ယောက်က သူမရဲ့ ဘ၀ဇာတ် ကြောင်းကို ညှိုးနွမ်းအားငယ်နေတဲ့ မျက်နှာနဲ့ ခပ်တိုးတိုး ရှင်းပြနေတယ်။

မီးဖိုပေါ် တည်ထားတဲ့ ပဲပြုတ်အိုးကို ထပ်ခါတလဲလဲ မွှေရင်း ခါးသီးလှတဲ့ သူတို့ရဲ့ မိသားစု ဘ၀ အတွေ့အကြုံတွေကို စက် တင်ဘာ တတိယပတ်အတွင်းမှာ သူမ ပြန်ပြောင်း ပြောပြနေတာပါ။
“တိုက်ပွဲဖြစ်တာ တစ်ညလုံးပဲ။ ဗုံးကျင်းထဲမှာ သွားနေတာ ထမင်းတောင် မစားရဘူး။ သုံးညသွားနေတယ်။ တစ်ခါမှ မကြုံဖူးဘူး။ ကြောက်တာပေါ့။ အိမ်မီးလောင်တွေ့တော့ သွေးတိုးတောင်ထတယ်။”လို့ မျက်လွှာကို အောက်ချပြီး စိတ်မကောင်းတဲ့ လေသံနဲ့ ပြောပြတယ်။

သူမကတော့ ကျောက်မဲမြို့နဲ့ မိုင် ၄၀အကွာမှာရှိတဲ့ တော့ဆန်ကျေးရွာဇာတိသူ အသက် ၅၂နှစ်အရွယ် နန်းခမ်းမြတ်ပါ။ ဒါပေမဲ့ သူမမျက်နှာဟာ (ကျန်းမာရေးကြောင့်ထင်ပါရဲ့) ဖောပြီး အသက်ထက်ပို အိုမင်းရင့်ရော်သယောင်ပါ။ မီးလောင်သွားတဲ့ တော့ ဆန်က သူမရဲ့ အိမ်ဟာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အခန်း ၄ခန်းပါပြီး ဆောက်ထားတာကလည်း ၂နှစ်ပဲ ရှိသေးတယ်လို့ နှမျော စိတ်နဲ့ ပြောပြပါတယ်။

နန်းခမ်းမြတ်တို့မိသားစုဟာ လက်ဖက်တောင်သူတွေအဖြစ် ၀င်ငွေအသင့်အတင့်နဲ့ တော့ဆန်မှာ တိုက်ပွဲတွေ မဖြစ်ပွားခင်က အေးချမ်းပျော်ရွှင်စွာ နေထိုင်ခဲ့ကြပါတယ်။
“ရွာမှာနေတုန်းကတော့ ၀င်ငွေရှိတယ်။ လက်ဖက်ခူးတွေရော၊ ပဲပြုပ်ရောင်းတာရော၊ ခြံရမ်း (နောက်ထပ် စိုက်ပျိုးရေးရာသီအ တွက် ပြင်ဆင်သည်) တွေကော အကုန်လုံးလုပ်တယ်။ တစ်ရက်ကို နှစ်သောင်း၊ သုံးသောင်းလောက် ၀င်တယ်။ အဆင်ပြေ တယ်ပေါ့နော်။” တည်ထားတဲ့ ပဲပြုတ်အိုးလေးကို ငေးကြည့်ရင်း သာယာတဲ့ သူမရဲ့ အတိတ်ကဘ၀ကို ပြောပြပါတယ်။

ဒါပေမဲ့ သူမရဲ့ ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုဘ၀ကို ဖျက်ဆီးပစ်လိုက်တာကတော့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတုန်း က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ( RCSS/SSA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။

အဲဒီတိုက်ပွဲကြောင့် တော့ဆန်က အိမ်လည်း မီးရှို့ခံရ၊ ၀င်တွေရနေတဲ့ လက်ဖက်ခြံကိုလည်း မစွန့်ချင်ဘဲ စွန့်ခွာခဲ့ရလို့ ကျောက် မဲမြို့ပေါ် စစ်ရှောင်တက်လာရင်း ၁၀နှစ်အရွယ် သားငယ်ရဲ့ ပညာရေးအတွက် ၉ရပ်ကွက်က ဒီအိမ်ခန်းလေးကို ငှားရမ်းနေထိုင် ကာ နာမကျန်းတဲ့ ခင်ပွန်းသည်နဲ့ နန်းခမ်းမြတ် နေနေရတယ်။

သူမတို့ငှားနေတဲ့ သွပ်မိုး၊ ၀ါးထရံ တဲလေးဟာ ၃ခန်းတွဲ၊ မိသားစု သုံးစု နေထိုင်ကြပြီး၊ အခန်းကျဉ်းကျဉ်းလေးဆိုပေမဲ့ တစ်ခန်း အတွက် တစ်လကို ငှားရမ်းခ ကျပ်နှစ်သောင်းခွဲ ပေးကြရတယ်။ နန်းခမ်းမြတ်ဟာ ပဲပြုတ်၊ ပဲပုပ်၊ မှိုပေါင်း၊ မုံညင်းချဉ်၊ မုံညင်း ပေါင်း စတာတွေကို ပြင်ဆင်ပြီး မြို့မှာ တစ်ထုပ် တစ်ရာကျပ်ဈေးနဲ့ မြို့ပေါ်ရပ်ကွက်တွေထဲ တလမ်းဝင်တလမ်းထွက် လှည့်ပတ် ရောင်းချပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေရတာပါ။

“မနက် ၆နာရီထွက်၊ ရောင်းကုန်ပြီးမှ ရှစ်နာရီ၊ ကိုးနာရီ အိမ်ပြန်ရောက်ပြီး ၈နာရီ ၈နာရီခွဲမှာ ဈေးသွား၊ ပစ္စည်းဝယ်တယ်။ အမျိုး မျိုးဝယ်ရတယ်လေ။ နံနံပင်တွေရော၊ ဘာတွေရော၊ အကုန်းလုံးဝယ်ရတာ။ အဆင်တော့ သိပ်မပြေပါဘူး။ တစ်နေ့လုပ်၊ တစ်နေ့ စားတောင် သိပ်မလောက်ဘူး။ လေးငါးထောင်ပဲ ရတာ။”လို့ နန်းခမ်းမြတ်က သူမရဲ့ တစ်ရက်တာ လုပ်ဆောင်မှုတွေကို ပြောပြ တယ်။

စစ်ကြောင့် ပျော်ရွှင်စရာ မိသားစုနိဗ္ဗာန်ဘုံတွေ ဖျက်ဆီးခံနေရပြီး ကျောက်မဲမြို့မှာ စစ်ပြေးဘ၀က ရွှေ့ပြောင်းအလုပ်သမား ဘ၀အဖြစ် နန်းခမ်းမြတ်မိသားစုလို လာရောက်နေထိုင်ကြသူတွေ အရေအတွက် ထောင်ချီရှိပါတယ်။
၂၀၁၆ခုနှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ RCSS နဲ့ TNLA အဖွဲ့အကြား တိုက်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ရှမ်း၊ ပလောင်ပြည်သူတွေဟာ နမ္မတူ၊ သီပေါ၊ ကွတ်ခိုင်၊ မန်တုံနဲ့ ကျောက်မဲမြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်းခဲ့ရပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေ လျော့နည်းသွားတဲ့အတွက့်  ရွာသားအများစုဟာ သူတို့ကျေးရွာတွေကို ပြန်လည်အခြေချနေထိုင် ကြပြီဖြစ်ပေမဲ့ အခုကျောက်မဲမြို့ တစ်မြို့တည်းမှာတင် စစ်ပြေးရှောင်ဒုက္ခသည် ၁၀၀၀ခန့်ဟာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ပြန့်ကျဲနေထိုင်ကြဆဲပါ။
ဒီလိုရွှေ့ပြောင်းနေထိုင်ကြတဲ့ မိသားစုတွေထဲမှာ ၀မ်းရေးအဆင်ပြေတဲ့လူတချို့ ရှိပေမယ့် ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေတဲ့ မိသားစုတွေက အများစု ဖြစ်ပါတယ်။

သူမတို့ရဲ့ မိသားစုအကြောင်းကို မေးမြန်းရင်း ညအမှောင်က တဖြည်းဖြည်း တိုးလာတော့ နန်းခမ်းမြတ်က မီးခလုတ် ထဖွင့် လိုက်ပါတယ်။ “နှစ်သောင်း ငါးထောင်ဆိုတော့ မီးတွေ၊ ရေတွေ ရတယ်လေ။”လို့ မရွှင်တဲ့မျက်နှာနဲ့ ပြောနေတာကို မီးရောင် အောက်မှာ မြင်နေရတယ်။ အခန်းက လျှပ်စစ်မီး၊ ရေ ရပေမယ့် သူတို့ မိသားစုအတွက် အဆင်ပြေတဲ့ပုံတော့ လုံးဝ မတွေ့ရပါ ဘူး။

နန်းခမ်းမြတ်ရဲ့ ခင်ပွန်းဖြစ်သူ ၅၁နှစ်အရွယ် အဆုပ်ရောဂါသည် စိုင်းကျော်သိန်းက ဇနီးဖြစ်သူကို ဘာမှ အကူအညီ မပေးနိုင်တဲ့ အတွက် ဇနီးကို သနားပေမဲ့ ကံတရားအပေါ်မှာပဲ သူ ပုံချထားပါတယ်။ “ဒီမှာက အလုပ်မရှိဘူး။ သူ့ကိုလည်း သနားတယ်။ ဘယ်တတ်နိုင်မလဲ။ ကျန်းမာရေးလည်း မကောင်းဘူး။ အဆုပ်(ရောဂါ)ပေါ့။ ရွာပဲ ပြန်ချင်တာ၊ ဒီမှာက နေတော့သိပ်မပျော်ဘူး။ နေရာလည်း ကျဉ်းကျဉ်းလေးနဲ့” စိတ်မကောင်းတဲ့ မျက်နှာနဲ့ ဇနီးဖြစ်သူကို တစ်ချက်ကြည့်ပြီး စိုင်းကျော်သိန်းက ပြောတယ်။

ပလောင်၊ ရှမ်းတိုင်းရင်းသားများနေထိုင်ကြတဲ့ တော့ဆန်ရွာဆိုရင် စစ်မဖြစ်ခင်က စည်ကားလှပေမဲ့ စစ်ဖြစ်ပြီးနောက် ရွာသား တွေ၊ ကျောင်းနေအရွယ် ကလေးသူငယ်တွေက မိမိဘ၀လုံခြုံရာ ကျောက်မဲမြို့မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့အတွက် အခုဆိုရင် တော့ဆန်ဟာ အရင်ကလို မစည်ကားတော့ပါ။

တော့ဆန် အထကကျောင်းခွဲကို ပြန်လည်ဖွင့်လှစ်နိုင်ပေမယ့် ကျောင်းတက်သူ ကျောင်းသားဦးရေ အနည်းငယ်သာ ရှိပါတော့ တယ်။ တော့ဆန် ကျောင်းသူကျောင်းသားအများစုက ကျောက်မဲမြို့၊ အောင်ဆုပန်၊ မေတ္တာအိုးဝေ၊ ကျားငါးကောင် တိုင်းရင်း ဆေးတိုက်တွေမှာ ခိုလှုံပြီး ပညာကို ဆည်းပူးနေရပါတယ်။

မေတ္တာအိုးဝေ တော့ဆန် ကျောင်းသား၊ ကျောင်းသူများအဆောင်မှာ ပညာဆည်းပူးတဲ့နေတဲ့ ၁၅နှစ်အရွယ် ကျောင်းသူ နန်းမြ အေးက “၉တန်းမှာ စာမေးပွဲဖြေခါနီး တစ်ရက်မှာ စစ်ဖြစ်တယ်။ သမီးတို့ ပြေးရတယ်။ အခု ကျောင်းက ပြန်ဖွင့်ပေမယ့် တစ်တန်းကို သုံးလေးယောက်လောက်ပဲ ရှိတယ်။ သမီးတို့က ကြောက်တော့ ပြန်မတက်ရဲသေးဘူး”လို့ မေးမြန်းတာကို ရှက်ပြုံး မျက်နှာနဲ့ ဖြေပါတယ်။

မျက်နှာက ပြုံးပြီးပြောပေမယ့် သူမရဲ့စိတ်ကတော့ ပျော်ရွှင်နေတဲ့ပုံ မရှိပါ။ မိဘနဲ့ ဝေးကွာပြီး ပညာလာသင်ကြားတာရယ်၊ ရွာမှာ ကျန်နေသေးတဲ့ မိဘနှစ်ပါးနဲ့ မောင်လေးကို သတိရနေတဲ့ပုံပါ။
“အဖေနဲ့ အမေကို သတိရတယ်။ ဒါကြောင့် သီတင်းကျွတ်ရင် ရွာပြန်မယ်လို့ စဉ်းစားထားတယ်”လို့ ပြောပါတယ်။

နန်းခမ်းမြတ်တို့ မိသားစုကတော့ ထွက်ပြေးပြီးနောက် လက်ရှိအချိန်အထိ နေရပ် မပြန်နိုင်သေးပါဘူး။ “ပြေးလာကတည်းက တစ်ခါမှရွာကို ပြန်မရောက်ဘူး။ လက်ဖက်ခြံကျတော့ တခြားလူကို လုပ်ခိုင်းလိုက်တာပဲ။ ဘယ်တတ်နိုင်မလဲ”လို့ သူမက ပြောပါ တယ်။

ကျောက်မဲမြို့နယ်မှာ ပြန့်ကျဲနေထိုင်ပြီး ကျဘမ်းအလုပ်သမားဘ၀နဲ့ ရပ်တည်နေရတဲ့ စစ်ရှောင်မိသားစုတွေအနက် ကျောက်မဲ မြို့နယ်၊ မန်ဆတ်ရွာသား ပလောင်တိုင်းရင်းသား မောင်လူတို့ မိသားစုလည်း ပါဝင်ပါတယ်။

မောင်လူကတော့ ရွာမှာ တိုက်ပွဲမကြာခဏ ဖြစ်ပွားတဲ့ သာဓကတွေရှိတဲ့အတွက် ရွာမှာ ဆက်ပြီးမနေရဲလို့ လွန်ခဲ့နှစ် ခုနစ်လပိုင်း တုန်းက သူချက်မြှုပ်ထားတဲ့နေရာ၊ သူတန်ဘိုးထားတဲ့ အိမ်၊ လယ်၊ ခြံတွေကို ရာသက်ပန်စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ပြီး မိသားစုဝင် ၇ဦးနဲ့အတူ ကျောက်မဲမြို့မှာ လာရောက်နေထိုင်ပြီး နေ့စားအလုပ်သမားဘ၀နဲ့ ဖြတ်သန်းနေသူပါ။
“ကြောက်သွားတာပေါ့။ ရွာမှာ မနေရဲလို့ ထွက်ပြေးလာတာပါ။”လို့ မောင်လူက ပြောပါတယ်။

ပလောင်နဲ့ ရှမ်း လက်နက်ကိုင်အဖွဲ့နှစ်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲပဋိပက္ခကြောင့် စစ်ရှောင်လာတဲ့သူတွေဟာ ပထမတော့ ထောက်ပံ့ရေး အကူအညီတွေကို အထိုက်အလျောက်ရရှိပေမဲ့ နောက်ပိုင်းကျတော့ အကူအညီတွေ လုံးဝ ရပ်တန့်သွားပါတယ်။

စစ်ရဲ့အနိဌာရုံ နောက်ဆက်တွဲကြောင့် ပလောင်နဲ့ ရှမ်းပြည်သူအချို့က ရွာမှာ မနေရဲတော့ဘဲ သူတို့ရဲ့ မိသားစု၊ သူတို့အနာ ဂတ်ကြယ်ပွင့်ဖြစ်ကြတဲ့ သူတို့ရဲ့ ရင်သွေးငယ်လေးတွေကို ကျောက်မဲမြို့မှာ ပညာသင်စေပြီး သူတို့ကတော့ တိုင်းတစ်ပါးထွက်၊ မိသားစုဝမ်းရေးအတွက် အဖြေရှာကြတာလည်း ရှိပါတယ်။ အများစုကတော့ ကျောက်မဲမြို့မှာပဲ ရွှေ့ပြောင်းအလုပ်သမားအဖြစ် နဲ့ နေထိုင်ကြပါတယ်။

ကျောက်မဲကို ထွက်ပြေးတိမ်းရှောင်လာသူတွေကို လက်ရှိမှာတော့ အချိန်ဝေးကွာလာတဲ့အတွက် စစ်ရှောင်ဒုက္ခသည်အဖြစ် သတ်မှတ်လို့မရတော့ဘူးလို့ ကျောက်မဲ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းခိုင်က ပြောပါတယ်။ “ဒေတာ(အချက်အလက်)တွေ မရှိတဲ့အ တွက် (စစ်ဘေးရှောင်တွေ) ရှိတယ်ဆိုတာ ကျနော်တို့ဘက်က သတ်မှတ်လို့မရပါဘူး။ ကျောင်းတက်ဖို့လိုတဲ့ အချို့သော မိသား စုတွေပဲ ရှိတယ်။”လို့ စက်တင်ဘာလ ၁၅ရက်နေ့မှာ ရဲမှူးက ပြောပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ စစ်ရေးပဋိပက္ခတွေကို ငြိမ်းသတ်နိုင်ဖို့ ပြီးခဲ့တဲ့အပတ်က ရှမ်း၊ ပလောင် တိုင်းရင်းသားခေါင်းဆောင်တွေ အကြား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေရှိပေမဲ့လည်း နန်းခမ်းမြတ်တို့ မိသားစု အပါအ၀င် စစ်ရှောင်ပြည်သူ တွေအတွက်ကတော့ နေရပ်ကို အေးချမ်းစွာ ပြန်နေနိုင်ဖို့က အလှမ်းဝေးနေဆဲပါ။

ကျောက်မဲမြို့က တအာင်းအမျိုးသမီးအစည်းအရုံး(TWO)မှ လွေးဂျူးငယ်က“အဓိက ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေး ရရှိမှ ဒါ တွေ ပြေငြိမ်းသွားမယ်။ ငြိမ်းချမ်းမှုမရှိရင် ဒါတွေ ဆက်ဖြစ်မှာပဲ”လို့ ပြောပါတယ်။

စစ်ဘေးကြောင့် ပြေးလာသူတွေ၊ မြို့တက်နေထိုင်သူတွေအတွက် တကယ်လိုအပ်တာက မိမိနေရပ်ရင်းမှာ အေးအေးချမ်းချမ်းနဲ့ ပြန်လည်နေထိုင်နိုင်ဖို့ပါလို့ ကျောက်မဲမြို့က ဇီဝိတ လူမှုကယ်ဆယ်အရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်သိန်းကလည်း ပြောပါတယ်။
“စားဝတ်နေရေး ကိစ္စကတော့ နေ့တဓူဝ ဖြေရှင်းရတဲ့ကိစ္စဖြစ်တယ်။ အ၀တ်အထည်၊ စားနပ်ရိက္ခာဆိုတာတွေကတော့ အခြေအ နေတစ်ခု ပျက်ယွင်းသွားရင် လိုတာပါပဲ။ တကယ်တမ်းလိုအပ်နေတာကတော့ ကိုယ့်အရပ်ဒေသမှာ အရင်လို ပြန်နေချင်တာ ပေါ့”လို့ သူက ပြောပါတယ်။

နန်းခမ်းမြတ်တို့ဟာ ရွာကို ပြန်ချင်နေကြပါတယ်။ မတတ်သာလို့ တော့ဆန်ကနေခွာပြီး ကျောက်မဲမှာ နေနေရပေမယ့် သူတို့ စိတ်ဟာ အခန်းလေးခန်းပါတဲ့ မီးလောင်သွားတဲ့ အိမ်ခန်းလေး ဒါမှမဟုတ် အညွှန့်တလူလူနဲ့ လက်ဖက်ခင်းဟာ တခြားသူတွေ အတွက် ဘာမှမဟုတ်ရင်တောင်မှ သူတို့မိသားစုရဲ့ နိဗ္ဗာန်ဘုံလေးမှာပဲ ဖြစ်နိုင်ပါတယ်။ အခုတော့ ညအမှောင်ထဲက ၇ပေ၊ ၈ပေ အခန်းကျဉ်းထဲမှာ “ဒီမှာ တစ်ရက်တောင် မနေချင်တော့ဘူး။ ရွာကိုပဲ ပြန်ချင်တယ်။”လို့ စိုင်းကျော်သိန်း ပြောပါတယ်။

စောသိန်းမြင့် (ကေအိုင်စီ)
http://kicnews.org
စစ်ကြောင့် ပျက်စီးသွားတဲ့ နိဗ္ဗာန်ဘုံ စစ်ကြောင့် ပျက်စီးသွားတဲ့ နိဗ္ဗာန်ဘုံ Reviewed by THITHTOOLWIN on 05:14 Rating: 5
Powered by Blogger.