ဆိုင်ကယ်ချင်းယှဉ်စီးပြီး ရွှေဆွဲကြိုးဖြတ်ယူလုယက်သူ သုံးဦးအားဖမ်းမိ


နေပြည်တော် စက်တင်ဘာ ၂၄

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိ ရပ်ကွက်အတွင်းရှိ ဆွာလမ်းဆုံမီးပွိုင့် တွင် မီးနီ၍ အရှိန်လျှော့မောင်းနှင် လာသော ဆိုင်ကယ်ပေါ်မှ အမျိုးသမီး နှစ်ဦးအနက် နောက်တွင်လိုက်ပါ လာသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုး လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

နေပြည်တော် မြို့မဈေး ပန်းသခင် အလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင်သူ မလွင်လွင်မိုး(ခ) မိုးမိုး(၂၃နှစ်)နှင့် မကေကေတို့သည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့်က ဆိုင်ကယ် ဖြင့် မြို့မဈေးသို့လာစဉ် ဆိုင်ကယ်စီး လူငယ်သုံးဦးက နောက်မှလိုက်လာပြီး ဆွာလမ်းဆုံမီးပွိုင့်အရောက် မမိုးမိုး၊ မကေကေတို့စီးနင်းသည့် ဆိုင်ကယ် နှင့် ဘေးချင်းယှဉ်မောင်းနှင်ပြီး မမိုးမိုး ဆွဲထားသော ဆွဲကြိုးကို ဆွဲဖြတ် လုယက်ထွက်ပြေးသွားသဖြင့် ၄င်းလူငယ် သုံးဦးနောက်သို့ ဆိုင်ကယ်ဖြင့် လိုက်ကြရာ စိုက်ခင်း(၃)ရွာနားမရောက်မီ ဆိုင်ကယ်လဲကျသဖြင့် မျက်ခြည်ပြတ် သွားခဲ့ကြောင်း၊ ၄င်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် အမှတ် (၉) နယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည်။

အမှတ်(၉) နယ်မြေရဲစခန်းမှ စခန်း မှူး ရဲအုပ် လေးနိုင်နှင့်အဖွဲ့၊ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ခိုင်မျိုးထွန်း နှင့်အဖွဲ့၊ ဒက္ခိဏသီရိမြို့ နယ် ပေါက်တော ရဲစခန်းတို့ပူးပေါင်း၍ တာဝန်သိပြည်သူ များ၏ သတင်းပေးချက်ရရှိမှုအပေါ် အခြေခံကာ လိုက်လံစုံစမ်းရာ စိုးလင်းနိုင် (၁၇နှစ်)၊ ကျော်ရဲသူ(၁၇ နှစ်)၊ ဒက္ခိဏ သီရိမြို့နယ်နေသူတို့ နှစ်ဦးကို ယင်းနေ့ည ၇ နာရီက ဒက္ခိဏသီရိမြို့နယ် ရန်အောင် မြင် ဂေါက်ကွင်းအနီးတွင် လည်းကောင်း၊ စိုးပိုင်(ခ)ပိုင်ကြီး (၁၉ နှစ်) လယ်ဝေး မြို့နယ်နေသူအား ယင်းနေ့ည ၉ နာရီတွင် ဇမ္ဗူသီရိဟိုတယ်ရှေ့ ရာဇသင်္ဂဟ လမ်းမ ကြီးပေါ်၌ လုယူသွားသော သက်သေခံ ရွှေဆွဲကြိုးအပိုင်းအပြတ်တစ်ခုနှင့် ¤င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်တို့ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ သုံးဦးကို အမှတ်(၉) နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကိုပေါက် (ဥက္ကာမြေ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဆိုင်ကယ်ချင်းယှဉ်စီးပြီး ရွှေဆွဲကြိုးဖြတ်ယူလုယက်သူ သုံးဦးအားဖမ်းမိ ဆိုင်ကယ်ချင်းယှဉ်စီးပြီး ရွှေဆွဲကြိုးဖြတ်ယူလုယက်သူ သုံးဦးအားဖမ်းမိ Reviewed by THITHTOOLWIN on 13:03 Rating: 5
Powered by Blogger.