မိသားစုအတူအိပ်နေစဉ်အတွင်း ဓားထိုးမှုတစ်ခုဖြစ်ပွား၊ တရားခံအား ဖမ်းဆီးမရသေး

စက်တင်ဘာ ၇ / DNJ

ကျောက်တော်မြို့နယ် ချောင်းတုံကျေးရွာတွင် စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၁)နာရီအချိန်က မိသားစုအတူအိပ်နေစဉ်အတွင်း ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိသားစုသုံးယောက်အိပ်နေစဉ်အတွင်း အမည်မသိအမျိုးသားနှစ်ယောက်မှ လာရောက်ကာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးမောင်ဝင်းချေ(ဘ)ဦးမောင်ဖြူ အသက်(၃၀)နှစ်အား ဓားဖြင့်ထိုးသတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဓားထိုးခံရသူမှာ ယင်းနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး တရားခံနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း အပေါက်ဝရဲစခန်းမှ သိရသည်။
" မိသားစုသုံးယောက်အိပ်နေတုန်းမှာ ဖြစ်သွားတာပါ။ ဘယ်သူမှန်းမသိတဲ့လူနှစ်ယောက်လာပြီးတော့ လင်ဖြစ်သူကို ဓားနဲ့ထိုးသတ်သွားတာလို့ သူ့ရဲ့ဇနီးက ပြောပါတယ်။ ဘယ်သူလဲဆိုတာကိုလည်း မမြင်မိလိုက်ဘူးလို့လည်း ပြောပါတယ်။ ခုတရားခံက ထွက်ပြေးတိမ်းရှောင်နေပါတယ်။ " ဟု အပေါက်ဝရဲစခန်းမှူးက ပြောသည်။

အဆိုပါဓားထိုးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူဒေါ်မဝင်းကြည်က တရားလိုပြုတိုင်တန်းသဖြင့် ဥပဒေပုဒ်မ(၃၀၂)အရ အရေးယူဆောင်ရွက်ထားပြီး တရားခံများအား အမြန်ဆုံးဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိကြောင်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ

မိသားစုအတူအိပ်နေစဉ်အတွင်း ဓားထိုးမှုတစ်ခုဖြစ်ပွား၊ တရားခံအား ဖမ်းဆီးမရသေး  မိသားစုအတူအိပ်နေစဉ်အတွင်း ဓားထိုးမှုတစ်ခုဖြစ်ပွား၊ တရားခံအား ဖမ်းဆီးမရသေး Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.