နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့မှ ၀န်ကြီးချုပ်များနှင့်တွေ့ဆုံ

ဗီယင်ကျန်း စက်တင်ဘာ ၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်၊ ဂျပန်၊ နယူးဇီလန်နိုင်ငံ ၀န်ကြီးချုပ်တို့နှင့် ယနေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ အမျိုးသား ကွန်ဗင်းရှင်းဗဟိုဌာန၌ သီးခြားစီတွေ့ဆုံသည်။


နံနက်ပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် H. E. Mr. Nguyen Xuan Phuc တို့ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးချဲ့ဆောင်ရွက်ရေး၊ မြန်မာ-ဗီယက်နမ် လေကြောင်းလိုင်းများ တိုးချဲ့ ပျံသန်းရေး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကဏ္ဍ တိုးမြှင့်ပြီး အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစွာတည်ဆောက်ရေး ကိစ္စရပ်များ ဆွေးနွေးကြသည့်အပြင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဗီယက်နမ်နိုင်ငံ၏ ရည်တည်မှုအား မြန်မာနိုင်ငံမှ နားလည်ပေးစေ လိုကြောင်း ပြောကြားသည်။


ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Shinzo Abe တို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကဏ္ဍများတွင် ဂျပန်နိုင်ငံမှ အကူအညီအထောက်အပံ့များ ပေးအပ်မည့်အခြေအနေ၊ ဂျပန်နိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြသည့်အပြင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကို ထောက်ခံကြိုဆိုကြောင်း၊ ဂျပန် နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံအဖြစ် ခံယူထားသည့်အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်နိုင်စွမ်းရှိသည့် ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ပါရန် ဖိတ်ခေါ်ခဲ့သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် H.E.Mr.John Key တို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ နယူးဇီလန်နိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ နည်းပညာနှင့် အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးရေး၊ အနာဂတ် လူငယ်များ၏ အရည်အသွေး မြင့်မားရေး အတွက် အဓိကလိုအပ်သည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့မှ ၀န်ကြီးချုပ်များနှင့်တွေ့ဆုံ  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့မှ ၀န်ကြီးချုပ်များနှင့်တွေ့ဆုံ Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.