နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုဂံသွားမည်

သြဂုတ်လ ၂၄ ရက်နေ့ ငလျင်ကြောင့် ကွမ်းတောင်ပြိုကျသွားခဲ့တဲ့ ပုဂံမြို့က စူဠာမဏိဘုရားကို တွေ့ရစဉ်။ Photo: Myo Zaw Ko/ RFA
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက စေတီပုထိုးတွေကို ဒီလအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှုမယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာ ပုဂံဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပါတယ်။

ဘယ်နေ့လာမယ်ဆိုတာကို အတိအကျမသိသေးပေမယ့် ငလျင်ကြောင့် ထိခိုက်သွားတဲ့ဘုရားတွေ စုံလင်အောင် လိုက်ပြနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပါတယ်။

"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနိုင်ငံခြားခရီးစဉ်ရှိနေတဲ့အတွက် အဲဒီကပြန်လာရင် လာနိုင်တယ်ဆိုတဲ့ သတင်းပဲကျွန်တော်တို့ရပါသေးတယ်။ ကျွန်တော်တို့ ပျက်စီးနေတာတွေထဲကနေပြီးတော့မှ ပုံစံကွဲတဲ့ ဘုရားတွေကိုလိုက်ပြမှာပါ။ ဥပမာ စေတီရှိတယ်၊ လိုဏ်ဘုရားရှိတယ်၊ ဂူဘုရားရှိတယ် အဲဒါတွေကိုနေရာစုံအောင်နဲ့ ပျက်စီးမှုအခြေအနေတွေကို စုံအောင် လိုက်ပြမှာပါ။" လို့ ဦးအောင်အောင်ကျော် က ပြောတာဖြစ်ပါတယ်။

ငလျင်ကြောင့် စူဠာမဏိစေတီအပေါ်ဘက် ထီးတော်အခြမ်းပြိုကျခဲ့ရသလို၊ သဗ္ဗညုဘုရားနဲ့ ကန်တော့ပလ္လင် ဘုရားတို့ရဲ့အပေါ်ဘက်မှာ အက်ကြောင်းတွေဖြစ်သွားတယ်လို့ ဦးအောင်အောင်ကျော် က ပြောပါတယ်။

အခုအချိန်အထိ စာရင်းကောက်ယူမှုအရ ငလျင်ကြောင့်ပျက်စီးထိခိုက်သွားတဲ့ ပုဂံဘုရား ၄၃၀ ရှိနေပြီး ၃၀ ကျော်ကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုဂံသွားမည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပုဂံသွားမည် Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.