ကံဦးကျေးရွာမှ အဖွားအိုကို သတ်ခဲ့သည့် တရားခံအား သုံး ရက်အတွင်း ဖမ်းဆီးရမိ

စ်ကိုင်းတိုင်း ကလေးမြို့နယ် ကံဦးကျေးရွာမှ အဖွားအိုကို သတ်ခဲ့သည့် တရားခံအား သုံး ရက်အတွင်း ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံဦးကျေးရွာ၌ အသက် ၆၃ နှစ် အရွယ် အဖွားအို၏ ဦးခေါင်းကို ဓါးစိုက်ထိုး သတ်ခဲ့သည့် တရားခံကို ကလေးမြို့မ ရဲတပ်ဖွဲ့မှ သုံး ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

 သေဆုံးသူအဘွားအိုသည် ကံဦးကျေးရွာနေ ဒေါ်လမ်ဆွမ်းကျိန်ဖြစ်ပြီး သူမနေအိမ်၏ အိပ်ယာ ခြင်ထောင် အတွင်း ဦးခေါင်းဝဲဘက်နားထက်တွင် အရိုးအသွား ၁၁ လက်မခန့်ရှိ ကျွဲချိုရိုးတပ် ဓါးချွန်ဖြင့် ထိုးစိုက်နေသလို ဒေါ်လမ်ဆွမ်းကျိန်၏ ဘယ်လက်လက်မောင်း၊ ဘယ်ဘက်ချိုင်းကြားတို့တွင်လည်း ထိုးသွင်း ဒဏ်ရာများ ရရှိခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။


 အဆိုပါ အဘွားအိုအသတ်ခံရမှုသည် စက်တင်ဘာ ၁၉ ရက်၊နံနက် ၆ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒေါ်လမ်ဆွမ်း ကျိန်အားသတ်ခဲ့သူမှာ သားမက်ဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဦးကျော်ဌေးဖြစ်ပြီး စက်တင်ဘာ ၂၂ ရက် တွင် ကလေးမြို့နယ်တရားရုံးတွင် ဖြောင့်ချက်ပေးထွက်ဆိုခဲ့ကြောင်း သိရသည်။
 “လူသတ်လက်နက်အဖြစ်အသုံးပြုခဲ့တဲ့ ဓါးကလည်း သေဆုံးသူအိမ်က ဓါးဖြစ်လို့ ဘာသက်သေမှမရှိဘဲ စုံစမ်း ဖော်ထုတ်ဖို့ ခက်ခဲတဲ့အမှုမျိုးပါ။ ဒါပေမယ့် စုံစမ်းလိုက်တာ လူသတ်တရားခံကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တရားခံကို လက်ဖျားနဲ့ တောင်မတို့ခဲ့ပါဘူး။ သူကိုယ်တိုင် တရားရုံးမှာ သတ်ခဲ့ကြောင်း ဖြောင့်ချက်ပေး ၀န်ခံလိုက်ပါပြီ။”ဟု ကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောသည်။

 ဒေါ်လမ်ဆွမ်းကျိန်သည် မြေးဖြစ်သူ အသက် ငါး နှစ်အရွယ် မောင်ခုပ်ရှန်မွမ်ကိန်းနှင့် အတူအိပ်ခဲ့ပြီး အခင်းဖြစ် ပွားသည့် နံနက် သုံး နာရီခန့်တွင် ဦးကျော်ဌေးသည် တောအရက်သောက် လိုသဖြင့် ယောက္ခမအိမ်သွားကာ အိမ် နောက်ဖေးပေါက်မှဝင်ခဲ့ကာ အသံကြားသဖြင့် ယောက္ခမဖြစ်သူမှ မေးမြန်းဆဲဆိုခဲ့သဖြင့် ဦးကျော်ဌေးမှ နံရံမှဓါး ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ စခန်းမှူး သက်နိုင်ဦး၏ ပြောပြချက်အရသိရသည်။

 ဒေါ်လမ်ဆွမ်းကျိန်၏ သားဖြစ်သူ ဦးထောင်းကပ်ပေါင်မှ တရားလိုပြု၍ ဦးကျော်ဌေးအား (ပ)၃၉၄/ ၂၀၁၆၊ ရာဇ သတ်ကြီးပုဒ်မ-၃၀၂ ဖြင့် ကလေးမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကံဦးကျေးရွာမှ အဖွားအိုကို သတ်ခဲ့သည့် တရားခံအား သုံး ရက်အတွင်း ဖမ်းဆီးရမိ ကံဦးကျေးရွာမှ အဖွားအိုကို သတ်ခဲ့သည့် တရားခံအား သုံး ရက်အတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.