မင်းပြားမြို့နယ်အတွင်း ကူးတို့လှေများဖြင့် ကျောင်းတက်နေကြရသည့် ကျောင်းသား/သူ ၂၀၀ ဦးခန့်အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေ


မင်းပြား (Sep 29, 2016)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်း မြစ်ချောင်းများကို ကူးတို့လှေများဖြင့် ဖြတ်ကူး၍ ကျောင်းတက်နေကြရသည့် ကျောင်းသား/သူ ၂၀၀ ဦးခန့်အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေကြောင်း သိရသည်။

မင်းပြားမြို့နယ်ရှိ အထက-ပန်းမြောင်း၊ အထက(ခွဲ)မင်းဖူး၊ အထက(ခွဲ) င/ပုကွ၊ အထက(ခွဲ)ပြားချောင်းနှင့် အထက(ခွဲ)ကျားပိုက္ကေ ကျောင်းများသို့ အနီးအနားကျေးရွာများမှ အလယ်တန်း/အထက်တန်း ကျောင်းသား/သူ စုစုပေါင်း ၂၀၀ ဦးခန့်ရှိမှာ မြစ်ချောင်းများဖြစ်ကူး၍ ကူးတို့လှေများဖြင့်လာရောက် ကျောင်းတက်နေကြရသည်။

မင်းပြားမြို့နယ် အထက-ပန်းမြောင်းသို့ မြောက်ဦးမြို့နယ် ပိုးဖြူကျွန်း၊ မြက်ရိတ်ကျွန်း၊ ကျောက်တွင်းကုန်းနှင့် ပုရိန်ကုန်းကျေးရွာများမှ လယ်/ထက်ဆင့် ကျောင်းသား/သူ ၃၅ ဦးမှာ ပိုးဖြူကျွန်းကူးတို့လှေဖြင့် ဖြတ်ကူး၍ ကျောင်းတက်နေကြရသည်ဟု အထက-ပန်းမြောင်းမှ အလယ်တန်းပြဆရာ ဦးထွန်းအေး ပြောကြားချက်အရ သိရသည်။

ထို့အတူ မင်းပြားမြို့နယ် အထက(ခွဲ)မင်းဖူးသို့ အနီးအနား ကျေးရွာများဖြစ်ကြသည့် မြင်းကဆိပ်၊ အသေကာလ၊ ကပ်ပဲ့ပုလဲတောင်၊ ဝါးတောင်၊ ပွဲရကံဆိပ်၊ သာစည်ကျေးရွာများမှ အလယ်တန်းအဆင့် ကျောင်းသား/သူ ၃၇ ဦး ကူးတို့လှေများဖြင့် လာရောက် ကျောင်းတက်လျှက်ရှိနေသည်ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား မေးမြန်းချက်အရ သိရသည်။


မင်းပြားမြို့နယ် အထက(ခွဲ) ငပုကွသို့လည်း မင်းပြားမြို့နယ် စပါးထားကျေးရွာနှင့် မြောက်ဦးမြို့နယ် လက်သန်းချေကျေးရွာမှ အလယ်တန်းအဆင့် ကျောင်းသား/သူ ၅၀ ဦးတို့မှာ ကူးတို့လှေဖြင့် လာရောက်ကျောင်းတက်နေကြရကြောင်း အဆိုပါကျောင်းမှ အထက်တန်းပြဆရာ ဦးမြတ်စိုးကျော် ကဆိုသည်။

၎င်းအပြင် မင်းပြားမြို့နယ် သောင်းခေါင်မော်ကျေးရွာမှ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၃ ဦးမှာ အထက(ခွဲ)ပြားချောင်းသို့ လည်းကောင်း၊ သင်္ဂနက်ကျေးရွာမှ ထက်/လယ်အဆင့် ကျောင်းသား/သူ ၅၁ ဦးမှာ အထက(ခွဲ)ကျားပိုက္ကေသို့ လည်းကောင်း ကူးတို့လှေများဖြင့် လာရောက်၍ ကျောင်းတက်နေကြရသည်။

အဆိုပါကျောင်းများမှ ကူးတို့လှေများဖြင့် လာရောက်ကျောင်းတက်နေကြရသည့် ကျောင်းသား/သူများ စာရင်းကို ဌာနမှတောင်းခံထားပြီး ဖြစ်သော်လည်း ယနေ့အထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း သိရသည်။

မင်းပြားမြို့နယ်အတွင်း ကူးတို့လှေများ၌ အသက်ကယ်အင်္ကျီများ ဝတ်ဆင်ပြီး လူအရေအတွက် ကန့်သတ်ချက်ဖြင့် ကူးတို့ကူးခြင်းကို ဆောင်ရွက်ရန် မင်းပြားမြို့နယ် စည်ပင်ကော်မတီက ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ကွင်းဆင်း၍ လမ်းညွှန်ဆောင်ရွက် ပေးခဲ့သော်လည်း ၎င်းနောက်ပိုင်း၌ ကူးတို့လုပ်ငန်းများမှ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ဟု ကြားသိရသည်။

သို့ဖြစ်ရာ မင်းပြားမြို့နယ်အတွင်း မြစ်ချောင်းများ ဖြတ်ကူးကာ ကျောင်းတက်နေကြရသည့် ကျောင်းသား/သူများ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီများ ပြည့်စုံစွာ ရရှိနိုင်စေရန်နှင့် ခရီးသွားပြည်သူများ ဘေးကင်းစွာ မြစ်ဖြတ်ကူးနိုင်စေရန်အတွက် သက်ဆိုင်ရာများမှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးနိုင်စေရန် "မင်းပြား-သတင်း"မှ အကြံပြု တင်ပြလိုက်ရပါသည်။

မင်းပြား - သတင်း
29 . 09 . 2016
Photo: Facebook
https://www.facebook.com/mongbranews
မင်းပြားမြို့နယ်အတွင်း ကူးတို့လှေများဖြင့် ကျောင်းတက်နေကြရသည့် ကျောင်းသား/သူ ၂၀၀ ဦးခန့်အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေ  မင်းပြားမြို့နယ်အတွင်း ကူးတို့လှေများဖြင့် ကျောင်းတက်နေကြရသည့် ကျောင်းသား/သူ ၂၀၀ ဦးခန့်အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.