ရန်ကုန်မြို့တွင်း မြို့နယ်များရှိ နောက်ဖေးလမ်းကြားအမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ငွေအင်အား၊ လူအင်အားများဖြင့် တာဝန်ယူရှင်းလင်းဆောင်ရွက်လျက်ရှိပြီး ရှင်းလင်းပြီးဖြစ်သော နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ အ၀တ်တန်းများ၊ အမိုးအဖီများ ပြန်လည်မြင်တွေ့နေရပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
''အခုကတော့ ပြည်သူကိုစည်းရုံးပြီး တဖြည်းဖြည်းသွားရတာပေါ့။ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ပေါ့။ နောက်ပိုင်းကျတော့ ဥပဒေအရ ဆောင်ရွက်မှရတော့မယ့်သူတွေဆိုရင် အဲလိုလုပ်မှာပေါ့။ ဥပဒေကရှိပြီးသားပါ။ ဥပဒေပုဒ်မ ၆၈ မှာ ပြစ်မှုနဲ့ ပြစ်ဒဏ်ပြထားတယ်''ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဒုတိယဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။
၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈ အရ နောက်ဖေးလမ်းကြားများတွင် ပတ်ဝန်းကျင်ရှိ နေအိမ်များ၊ ဘော်ဒါဆောင်များ၊ စားသောက်ဆိုင်များမှ အမှိုက်ပစ်ခြင်း၊ အမိုးအဖီများ ကျူးကျော်ပြုလုပ်ခြင်း၊ ပစ္စည်းသိမ်းဂိုဒေါင်အဖြစ် အသုံးချခြင်းများကို တွေ့ရှိပါက ဒဏ်ငွေကျပ် ငါးသောင်းမှ ငါးသိန်းအထိ ဒဏ်ရိုက်မည်ဖြစ်ပြီး ထောင်ဒဏ် တနှစ်ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်အတွင်း နောက်ဖေးလမ်းကြားများ အမှိုက်သိမ်းဆည်းရှင်းလင်းရာတွင် လမ်းကြားအတွင်း ကျူးကျော် အဆောက်အဦများ၊ အဖီများကို ရှင်းလင်းဆောင်ရွက်နိုင်ရန် ရပ်ကွက်၊ လမ်းနေပြည်သူများအား ကြိုတင်အသိပေး အကြောင်းကြားပြီးမှသာ ဆောင်ရွက်ကြောင်း ယင်းမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်အေးက ပြောသည်။
''ကျွန်တော်တို့ကတော့ ဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း အရေးယူဆောင်ရွက်မယ်ဆိုတဲ့ဟာကို ပထမ မေတ္တာရပ်ခံတယ်။ လိုက်နာမှုပျက်ကွက်တယ်ဆိုရင် ပုဒ်မ ၆၈ မှာဖော်ပြထားတဲ့အတိုင်းပဲ။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်မယ်ဆိုရင် စည်ပင်တရားရုံးမှာ တရားစွဲတဲ့အခါ ငွေဒဏ်ငါးသောင်းကနေငါးသိန်း ဥပဒေမှာပါတဲ့ အတိုင်းလုပ်မှာပေါ့'' ၎င်းကပြောသည်။
ပုဇွန်တောင်မြို့နယ်အတွင်း နောက်ဖေးလမ်းကြားရှင်းလင်းမှုမစတင်မီ သက်ဆိုင်ရာရပ်ကွက်အတွင်းရှိ ပြည်သူ များအား နောက်ဖေးလမ်းကြားများရှိ ကျူးကျော်အဖီများကို ဖျက်သိမ်းပေးရန် ကြိုတင်၍ မေတ္တာရပ်ခံခဲ့ကြောင်း၊ နောက်ဖေးလမ်းကြားများတွင် အမှိုက်များမပစ်ရန်၊ အဖီများ ကျူးကျော်မဆောက်လုပ်ရန် စည်းရုံးပြော ဆိုထားကြောင်း ယင်းမြို့နယ်မှ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က ပြောသည်။
''ဒီလိုရှင်းလင်းပြီးရင် မလုပ်ဖို့ ပြည်သူတွေကို စည်းရုံးထားတယ်။ စည်းရုံးလို့မရရင် ဥပဒေနဲ့အညီ ဆောင် ရွက်ရမှာပါ။ ဒါတွေ ပြန်လုပ်တယ်ဆိုရင် လက်တွေ့စစ်ဆေးပြီး ပြန်ဖျက်ခိုင်းပြီးတော့ ဥပဒေနဲ့အညီ ဆောင် ရွက်သွားမှာပေါ့''ဟု ၎င်းက ပြောသည်။
''ကျွန်တော့်ရပ်ကွက်မှာတော့ စည်းရုံးရေးနဲ့လုပ်နေတာဆိုတော့ အဲလိုမကြေညာပါဘူး။ မြို့တော်သန့်ရှင်းသာ ယာလှပရေး၊ ရပ်ကွက်သာယာသန့်ရှင်းလှပရေး၊ ကိုယ့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်ဝိုင်းဝန်း ကူညီကြပါလို့ပဲ မေတ္တာရပ်ခံပြီး ဆောင်ရွက်ပါတယ်'' ဟု လမ်းမတော်မြို့နယ် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးမောင်က ပြောသည်။ ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ နောက်ဖေးလမ်းကြား များအတွင်း စည်းကမ်းမဲ့အမှိုက်များပစ်မချရန်အတွက် ယင်းနေအိမ်အဆောက်အအုံရှိ နေထိုင်သူ အချင်းချင်း စောင့်ကြည့်ထိန်းသိန်းရမည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ အနောက်ပိုင်းခရိုင် ဌာနစုမှူး ဦးမြသန်းက သုံးသပ်ပြောကြားသည်။
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နောက်ဖေးလမ်းကြား အမိုးအဖီ အခိုင်အမာဆောက်လုပ်မှုများကို စည်ပင်ဥပဒေဖြင့် အရေးယူမည်
Reviewed by THITHTOOLWIN
on
19:23
Rating:
