မြို့တွင်း (၄) မြို့နယ်ရှိ လမ်းဘေးဈေးသည်များကို ကမ်းနားလမ်းကားပါကင်တွင် နေရာချထားပေးရန် စီစဉ်နေ


ရန်ကုန်မြို့တွင်း (၄) မြို့နယ်ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် မြို့နယ်များရှိ အဓီကလမ်းမကြီးများပေါ်တွင် ရောင်းချလျက်ရှိသော လမ်းဘေးဈေးသည်များကို ကမ်းနားလမ်းတလျောက်ရှိ ကားပါကင်များတွင် ပြောင်းရွှေ့နေရာချထားပေးရန် စီစဉ်နေပြီး ၎င်းတို့၏ မှတ်ပုံတင်စာရင်းများကို စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ တွင်းယာဉ်ကြောကျပ်တည်းမှု အထိုက်အလျောက်ပြေလည်မှုရှိစေရန်နှင့် ဈေးသည်များ စနစ်တကျနေရာ ရွှေ့ပြောင်းရောင်းချနိုင်ရေးအတွက် စာရင်းကောက်ယူနေခြင်းပြီး ယင်းမြို့နယ် (၄)ခုရှိ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းများတွင် လမ်းဘေးဈေးသည်များကို လုံးဝရောင်းချခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

''နေရာချပေးမှာက အကုန်လုံးမချဘူး။ လမ်းသွယ်တွေမှာ ရောင်းချတာတွေကိုလည်း တချို့ဈေးသည်တွေကို ခွင့်ပြုပြီး တော့ တချို့ဈေးသည်တွေကို ခွင့်မပြုဘူး။ လောလောဆယ်တော့ ဈေးသည်မှတ်ပုံတင်စာရင်းလုပ် နေတယ်''ဟု ၎င်းကပြောသည်။ လမ်းဘေးဈေးသည်များ စာရင်း ကောက်ယူရာတွင် သက်ဆိုင်ရာမြို့နယ် အလိုက် စည်ပင်မှအဖွဲ့များခွဲကာ ဈေးရောင်းချသူ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ရောင်းကုန် ပစ္စည်း၊ ရောင်းချသည့်နေရာ၊ ရောင်းချသည့်အချိန်များကို စာရင်းကောက်ယူပြီး ဆိုင်မှတ်ပုံတင်ဓာတ်ပုံမှတ် တမ်းများ ပြုလုပ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လသာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအေးမြင့်က ပြောသည်။

''အရင် အကြမ်းကောက်ထားတဲ့ စာရင်းကို မြို့တော်စည်ပင်မှာ စာရင်းတင်ထားတာရှိတယ်။ အဲဒီစာရင်းမှာပါတဲ့သူတွေကို ကိုယ်ပိုင်နံပါတ်လေးတွေနဲ့တွဲပြီး ဓာတ်ပုံရိုက်တယ်။ ဆိုင်အသစ်ဆိုရင်လည်း သီးသန့်စာရင်းပြန်တင်ပေးမယ်။ ကားလမ်းပိတ်တာက ဒီအဓိကလမ်းကြီးတွေပိတ်တာဆိုတော့ လမ်းသွယ်တွေ မှာတော့ တချို့ဈေးသည်တွေကို ရောင်းခွင့်ပေးမယ်လို့ သိရတယ်''ဟု၎င်းကပြောသည်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် လမ်းဘေးဈေးသည်(၅၀၀၀)ကျော်ရှိနေပြီး လက်ရှိစာရင်း ကောက်ယူနေသည့်အချိန်တွင် လမ်းဘေးဈေးသည်ဦးရေတိုးလာကြောင်း စည်ပင်စာရင်းကောက်ယူရေး အဖွဲ့ဝင်တဦးက ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မြို့တွင်း (၄) မြို့နယ်ရှိ လမ်းဘေးဈေးသည်များကို ကမ်းနားလမ်းကားပါကင်တွင် နေရာချထားပေးရန် စီစဉ်နေ မြို့တွင်း (၄) မြို့နယ်ရှိ လမ်းဘေးဈေးသည်များကို ကမ်းနားလမ်းကားပါကင်တွင် နေရာချထားပေးရန် စီစဉ်နေ Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.