![]() |
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte (Credit: AFP) |
ဖိလစ်ပိုင် သမ္မတက မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ကုန်ကူးသူလို့ ယူဆရသူတွေကို ပစ်သတ်ခွင့် ပေးထားတဲ့အတွက် လပိုင်းအတွင်း လူပေါင်း သုံးထောင်ကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
အသက်ရှင် ကျန်ရစ်သူတွေကလည်း ပစ်သတ်ခံရမှာ စိုးရိမ်လို့ ရဲစခန်းမှာ လာရောက်အဖမ်းခံရာက အခုဆိုရင် လူပေါင်း ခုနှစ်သိန်းကျော် (၇၁၂၀၀၀) က လာရောက်အဖမ်းခံကြတဲ့အတွက် ထောင်တွေမှာ မနိုင်မနင်း ဖြစ်နေရပါတယ်။
Inquirer သတင်းမှာ ပစ်သတ်ရမယ့်သူတွေရဲ့ စာရင်းကို ထုတ်ပြန်လေ့ရှိပြီး အဲဒီ စာရင်းမှာ ပါဝင်သူတွေက ပစ်သတ်ခံရမှာကို စိုးလို့ အဖမ်းခံကြတာ ဖြစ်ပါတယ်။
ရပ်ကွက်လူကြီးတွေက ရဲတွေနဲ့ ပူးပေါင်းပြီး ဆေးစွဲသူတွေရဲ့ နာမည်နဲ့ မူးယစ်ဆေး ရောင်းတဲ့ လူတွေရဲ့ နာမည်ကို ပေးတာ ဖြစ်ပါတယ်။
အဲဒီလို ပစ်သတ်ရမယ့် စာရင်းမှာ ပါဝင်တဲ့ လူတချို့ ပစ်သတ်ခံရတာတွေလည်း ရှိပါတယ်။
အဲဒီအထဲမှာ အသက် ၁၇ နှစ်အရွယ် ဆေးသုံးတဲ့ အမျိုးသမီး တစ်ဦးအပြင် ကိုယ်ဝန် ၇ လ ဆောင်ထားတဲ့ အမျိုးသမီးနဲ့ သူမရဲ့ ခင်ပွန်းလည်း ပါဝင်ပါတယ်။
အဲဒီလူတွေက ရဲတွေကို ပြန်လည် ပစ်ခတ်လို့ ပစ်သတ်တာလို့ ရဲတွေက ပြောပေမယ့် နောက်ပိုင်းမှာတော့ အဲဒီလူတွေကို အိပ်ယာပေါ်မှာ ကိုယ်လုံးတီးနဲ့ သေဆုံးတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
လာရောက်အဖမ်းခံသူတွေကို ထောင်ချတဲ့အခါ ထောင်တွေမှာ နေရာ မရှိလို့ ဘတ်စကက်ဘော ကွင်းတွေမှာ ထိန်းသိမ်းပြီး ကြမ်းပြင်ပေါ်မှာ အလှည့်ကျ အိပ်ကြရသလို၊ လှေကားထစ်တွေ၊ ကုတင်အောက်တွေနဲ့ ပုခက်တွေဆွဲပြီး အိပ်စက်ကြရတဲ့အထိ မနိုင်မနင်း ဖြစ်ရပါတယ်။
အကျဉ်းထောင် တစ်ခုဆိုရင် လူပေါင်း ၈၀၀ အတွက် ဆောက်လုပ်ထားတာ ဖြစ်ပေမယ့် အကျဉ်းသား ၄၀၀၀ ကျော်အထိ လက်ခံထားရတဲ့ အနေအထား ရှိနေတာပါ။
အသာတကြည် လာရောက်အဖမ်းခံတဲ့ လူတွေကို ဆေးဖြတ်ပေးတဲ့ ဌာနကို ပို့ဆောင်ပေမယ့် ခုခံသူတွေကို အကျဉ်းထောင် ပို့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တနိုင်ငံလုံးအတွက် ဆေးစွဲနေသူတွေကို ဆေးဖြတ်ပေးတဲ့ ဌာနက ၄၄ ခုထဲ ရှိတဲ့အတွက် ဆေးဖြတ်ဖို့ ကြိုးစားသူတွေကြောင့်လည်း မနိုင်မနင်း ဖြစ်နေရပါတယ်။
လူတွေ ဒီလောက်အများကြီး အညံ့ခံ အဖမ်းခံမယ်လို့ မထင်ထားတဲ့အတွက် ရဲမလုံလောက်မှုတွေ၊ ကျန်းမာရေး ပညာရှင် မလုံလောက်မှုတွေ၊ အဲဒီလူတွေကို ထားရှိဖို့ နေရာ မရှိတာတွေနဲ့ ကြုံတွေ့နေကြရပါတယ်။
မူးယစ်ဆေးဝါး စွဲတဲ့ လူတွေကို နေရာချထားဖို့ ငွေကြေးရှိပေမယ့် နေ့ခြင်းညခြင်း လုပ်လို့ ရတဲ့အရာ မဟုတ်တဲ့အတွက် အခက်အခဲ ဖြစ်နေရပါတယ်။
ဆေးစွဲတာကို ကုသပေးဖို့ ဌာန ၆ ခု ဖွင့်နိုင်ဖို့ အချိန် ၆ လကနေ တစ်နှစ်ယူရမယ်လို့လည်း ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၃.၇ သန်းလောက် shabu လို့ခေါ်တဲ့ မူးယစ်ဆေးဝါးကို စွဲနေကြတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင် အစိုးရရဲ့ တင်းကြပ်တဲ့ မူးယစ်ပေါ်စလီကို ဆန့်ကျင်သူတွေ ရှိပေမယ့် ဆေးစွဲတာကြောင့် ကုသမှု ခံယူသူ တစ်ယောက်ကတော့ ဖိလစ်ပိုင် သမ္မတ ရော်ဒရီကို ဒူတာတေးရဲ့ ပေါ်လစီကြောင့် လူအများအပြား သေဆုံးရပေမယ့် အဲဒီ ပေါ်လစီကို ထောက်ခံတယ်လို့ အလွတ်သတင်းထောက် Ben Bohane ကို ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖိလစ်ပိုင်ရဲ့ မူးယစ် ပေါ်လစီကြောင့် ထောင်တွေ မနိုင်မနင်းဖြစ်
Reviewed by THITHTOOLWIN
on
17:24
Rating:
