ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွင့်ပွဲအခမ်းအနား ကျင်းပ


ရန်ကုန် စက်တင်ဘာ ၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဖီအာနန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်တို့ တက်ရောက်၍ အမှာစကားများ ပြောကြားကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးကိစ္စသည် မိမိတို့အားလုံးအတွက် အရေး အကြီးဆုံး ကိစ္စရပ်တစ်ခု ဖြစ်နေပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ရခိုင် ပြည်နယ်အရေးသည် အလွန်အရေးကြီးသည့်အတွက် မိမိတို့ အားလုံး ဝိုင်းဝန်းပြီး အဖြေ ထုတ်ရမည် ဖြစ်ပါကြောင်း၊ မစ္စတာ ကိုဖီအာနန် အပါအဝင် အားလုံးသော အဖွဲ့ဝင်များကလည်း အဖြေထုတ်သည့် နေရာတွင် နည်းလမ်းများ ရှာဖွေပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။


ထို့နောက် မစ္စတာ ကိုဖီအာနန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကာလတွင် မိမိအနေဖြင့် ယခုကဲ့သို့ ပါဝင်ခွင့်ရသည်ကို ဝမ်းမြောက်ပါကြောင်း၊ အနာဂတ်မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိမည့် အကြံပြုချက်များကိုလည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကို ဖြေရှင်း နိုင်မည့် ရေရှည် နည်းလမ်းကောင်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ နည်းလမ်းကောင်းများ ရရှိရေး အတွက် အကြံပြုပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဩဂုတ် ၂၄ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အကြံပေးကော်မရှင်တွင် ဘက်လိုက်မှုကင်းသည့်၊ လူအများလေးစားသည့်၊ အတွေ့အကြုံ ရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြားသည့် မြန်မာနိုင်ငံသားပုဂ္ဂိုလ်(၆)ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃) ဦးတို့ဖြင့် စုစုပေါင်း အဖွဲ့ဝင် (၉) ဦးပါဝင်ပြီး အဆိုပါကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန် ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာ ကိုဖီအာနန်က ဆောင်ရွက်မည်ဖြစ်သည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွင့်ပွဲအခမ်းအနား ကျင်းပ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွင့်ပွဲအခမ်းအနား ကျင်းပ Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.