မောင်တောခရိုင်အတွင်း တရားမဝင်ဆောက်လုပ်ထားသော ဗလီအပါအ၀င် အဆောက်အဦများကို ဖျက်သိမ်းမည်


 စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း တရားမဝင်ဆောက်လုပ်ထားသော ဗလီအပါအ၀င် အဆောက်အဦများ ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင်ပြုလုပ်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် အပါအ၀င် ဌာနဆိုင်များနှင့် မူဆလင်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက “ ကျွန်တော်တို့က တရားမဝင်အဆောက်အဦတွေကို ဆောက်ခွင့်မပြုဖို့နဲ့ လက်ရှိအဆောက်အဦများကို ဖျက်သိမ်းဖို့လုပ်ရ မှာဖြစ်တယ်။ လုပ်တဲ့အခါမှာလည်း ဥပဒေနဲ့အညီဆောင်ရွက်ဖို့လိုတယ်။ အဲဒီလို လုပ်တဲ့အခါ ကျွန်တော်တို့က ရက်အကန့်အသတ်နဲ့အမိန့်စာထုတ်မယ် ။ ထုတ်တဲ့အတိုင်းလိုက်နာဆောင်ရွက်ဖို့လိုတယ်။ မလိုက်နာရင် ဥပဒေအတိုင်းတရား စွဲသွားမယ်။ ဒါတွေကို မဖျက်လို့မရဘူး၊ ဒီလို နှစ်စဉ်နှစ်စဉ် တိုးပွားလာရင် ကျွန်တော့်တို့ ဘယ်လိုရှင်းကြမှာလဲ။ ဒီတရားမဝင်တာတွေကို ကျွန်တော်တို့ ဒီအတိုင်းကြည့်နေလို့မရဘူး၊ ကျွန်တော်ကတော့ တရားမဝင်အဆောက်အဦတွေ၊ ကျူးကျော်တဲ့ အဆောက်အဦတွေ အသစ်ဖြစ်လာတာမလိုချင်ဘူး၊ မတရားလုပ်နေတာမဟုတ်ဘူး ။ တရားသောနည်းနဲ့လုပ်နေတာ ဖြစ်ပါတယ် ” ဟု တက်ရောက်လာသော ဌာနဆိုင်ရာများအပါအ၀င် မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြောကြားခဲ့သည်။

ယင်းသို့ တရားမ၀င် ဆောက်လုပ်ထားသော အဆောက်အဦများနှင့်ကျူးကျော်နေအိမ်များကိုလည်း ဖျက်သိမ်းနိုင်ရန်အတွက် အမိန့်စာများကိုလည်း အမြန်ဆုံး ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါမောင်တောခရိုင်အတွင်း တရားမဝင်အဆောက်အဦအရေအတွက်မှာ ဗလီ ၁၂ လုံး၊ အာရ်ဗီကျောင်း ၃၅ ကျောင်း၊ လူနေအိမ် ၂၅၄၃ လုံး၊ ဈေးဆိုင် ၆၀၄ ဆိုင်နှင့် အခြားအဆောက်အဦး ၁၃၂ ခု ၊ စုစုပေါင်း ၃၃၂၆ ခု ရှိကြောင်း အမှတ်(၄) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၏ စာရင်းအရသိရသည်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က “ ကျွန်တော်တို့ ဒီလိုလုပ်ရတာဟာ နိုင်ငံတော်အဆင့် ဌာနတွေက ညွှန်ကြားလို့လုပ်ရတာမဟုတ်ဘူး၊ ဒါကျွန်တော်တို့အုပ်ချုပ်ရေးဌာနတွေရဲ့ လုပ်ရမယ့် ပင်မတာဝန် ဖြစ်တယ်၊ ဒီလိုလုပ်ရတဲ့အထဲမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အဓိကကျတယ် ၊ လုပ်ဆောင်တဲ့အခါမှာလည်း တာဝန်ကိုတာဝန်အတိုင်း ဆောက်ရွက်ဖို့လိုတယ်၊ ခရိုင်က ရပ်/ကျေးတွေကို အာမခံချက်ပေးထားတယ် ။ တိကျအောင်လုပ်ရမယ်။ ဒီလိုလုပ်တာဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင်လုပ်တာ မဟုတ်ဘူး ဥပဒေအတိုင်း ဆောင်ရွက်ရတာဖြစ်တယ် ” ဟု ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာကြသော မူဆလင်အုပ်ချုပ်ရေးမှူးများက လယ်ယာမြေများ၊ လမ်းများ နှင့် သစ်တောကြိုးဝိုင်းများတွင် တရားမဝင်ကျုးကျော် နေသည်များကို ဖျက်သိမ်းပေးမည်၊ တစ်ချို့ နေအိမ်များကို ဖျက်သိမ်းလျှင် မရှိဆင်ရဲသားများ စားဝတ်နေရေးအခက်အခဲများရှိကြောင်း တင်ပြဆွေးနွေးကြသည်။

၎င်းခရိုင်အတွင်းရှိ မြို့နယ်အလိုက်တရားမဝင်အဆောက်အဦများမှာ မောင်တောမြို့နယ်အတွင်း ဗလီ ၉ လုံး၊ အာရ်ဗီကျောင်း ၂၄ ကျောင်း ၊ လူနေအိမ် ၁၆၆၇ လုံး ၊ ဈေးဆိုင် ၄၄၅ ဆိုင် နှင့် အခြားအဆောက်အဦ ၁၂၅ ခု ၊ စုစုပေါင်း ၂၂၇၀ ခု တည်ရှိပြီး ဘူးသီးတောင်မြို့နယ်၌် ဗလီ ၃ လုံး ၊ အာရ်ဗီကျောင်း ၁၁ ကျောင်း ၊ လူနေ အိမ် ၈၇၆ အိမ် ၊ ဈေးဆိုင် ၁၅၉ ဆိုင် နှင့် အခြားအဆောက်အဦ ၇ ခု ၊ စုစုပေါင်း ၁၀၅၆ ခု တည်ရှိနေခြင်းဖြစ် ကြောင်း အမှတ်(၄) လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၏ စာရင်းအရသိရသည်။

ခိုင်မင်းညို
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောခရိုင်အတွင်း တရားမဝင်ဆောက်လုပ်ထားသော ဗလီအပါအ၀င် အဆောက်အဦများကို ဖျက်သိမ်းမည်  မောင်တောခရိုင်အတွင်း တရားမဝင်ဆောက်လုပ်ထားသော ဗလီအပါအ၀င် အဆောက်အဦများကို ဖျက်သိမ်းမည် Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.