သိန်း ၅၀ တန် ညှဉ်းပန်းနှိပ်စက်မှုမှ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိ
စက်တင်ဘာ ၂၁ ၊ ၂၀၁၆
အိမ်အကူ မိန်းကလေးငယ် ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာ မပေးခဲ့တဲ့ အင်းဝ အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာနှင့် မစုမွန်လတ်တို့ကို ကျောက်တံတားမြို့ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့်ပြီး  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။
 ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် ဒေါ်တင်သူဇာ၊ (၅၇)နှစ်ကို သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၊ ပြည်တော်သာလမ်းရှိနေအိမ်မှာ၂၀.၉.၂၀၁၆ ရက်နေ့ ၂၁း၄၀ အချိန်မှာ ဖမ်းဆီးရမိခဲ့ပြီး ကျန်ပြစ်မှုကျူးလွန်သူ မစုမွန်လတ်ကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အိမ်အကူ မိန်းကလေးငယ် ၂ ဦးကို ညှဉ်းပန်းနှိပ်စက်ခံရမှုကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးက စက်တင်ဘာ ၁၅ ရက်နေ့မှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ရဲ့ သားသမီးများ၊ ညှင်းပန်းနှိပ်စက်ခံရတဲ့ မိန်းကလေးငယ်များ၊ သူတို့ရဲ့  မိခင်တစ်ဦးနဲ့  အဒေါ်တစ်ဦး၊ ကျောက်တံတားမြို့နယ် ရဲအုပ် ဇော်ဝင်းနိုင်၊ မူလသတင်းပေး တိုင်ကြားသူ Myanmar Now သတင်းအေဂျင်စီမှ ကိုယ်စားလှယ်တစ်ဦးတို့ရှေ့ မှာ လက်ချောင်းဆယ်ချောင်းလုံးကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများ အပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများ အပါအဝင် နစ်နာကြေး ၁ဝ သိန်း၊ နှစ်ဦးပေါင်း သိန်း ၅၀ လျော်ကြေး ပေးအပ်သည်ကို လက်ခံ ရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုး ကြေအေးခဲ့တဲ့ အမှုဖြစ်ကြောင်း Myanmar Now သတင်းအရ သိရပါတယ်။
by သစ်ထူးလွင်
သိန်း ၅၀ တန် ညှဉ်းပန်းနှိပ်စက်မှုမှ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိ  သိန်း ၅၀ တန် ညှဉ်းပန်းနှိပ်စက်မှုမှ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 02:20 Rating: 5
Powered by Blogger.