ချင်းမိုင်မြို့ကို ကိုယ်ဝန်ဆောင် မိခင်တွေ မလာဖို့ သတိပေးကြေ ညာ

ဇီကာဗိုင်းရပ်စ် အကြောင်းရေးထားတဲ့ ပညာပေးကြော်ငြာတစ်ခုကို တွေ့ရစဉ်။ Photo: www.gov.sg/zika
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအ၀င် ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးသမီးတွေ လတ်တလော မလာကြဖို့ ခရီးစဉ်ကို ဆိုင်းငံ့ထားဖို့ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ ချင်းမိုင်မြို့ မြန်မာ ကောင်စစ်ဝန်ရုံး က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့မှာ အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံထားရကြောင်း ချင်းမိုင်မြို့ ပြည်သူ့ ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံသားတွေ ထပ်မံကူးစက်မှုမဖြစ်ပွားရအောင် အခုလို သတိပေးတားမြစ်တာဖြစ်တယ်လို့ ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးက သံမှူး ဆန်းယုကျော် က ပြောပါတယ်။

"ဒီမှာက ကျနော်တို့ အခု ဒီ ချင်းမိုင်မှာရှိတဲ့ ဆန်းဆိုင်းဧရိယာမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူ ၁၁ ယောက်လို့ သတင်းရတဲ့ထဲမှာ ကျနော် တို့ မြန်မာအမျိုးသမီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက် ပါနေတာပေါ့လေ သူ့ရဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒီ ကိုယ်ဝန် ၂ လရှိတဲ့ အသက် ၂၈ နှစ် အရွယ် မြန်မာအမျိုးသမီးတစ်ယောက် ဆန်ဆိုင်း ပြည်သူ့ဆေးရုံမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အတွက် စောင့်ကြပ်ကုသလျက် ရှိတယ်ဆိုတဲ့ဟာကိုတော့ သူတို့ အတည်ပြုပါတယ်ခင်ဗျ၊ အခုဟာကလည်း ဒီ ဇီကာဗိုင်းရပ်စ် ကူးရတဲ့အကြောင်းအရင်းကလည်း ခြင်ကိုက်တာကနေ အဓိကထားပြီးတော့ အဓိက ကူးစက်တာဆိုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကူးစက်လို့ရှိရင် လူပုဂ္ဂိုလ်နဲ့ မွေးလာတဲ့ ရင်သွေးမှာ ဦးခေါင်းခွံနဲ့ ပတ်သက်တဲ့ ပြသနာတွေ ရှိတော့ ကျနော်တို့က အဲ့လိုမျိုး ကူးစက်ခြင်းမခံရအောင်လို့ တတ်နိုင်လို့ရှိရင်တော့ လောလောဆယ် ဒီ ချင်းမိုင်ပြည်နယ်ကို လာမည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ အမျိုးသမီးတွေ ဆိုင်းငံ့ထားပါဆိုပြီးတော့ ကျနော်တို့က သတိပေးချက် ထုတ်ပြန်တာပါခင်ဗျ။ "

ဇီကာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူဟာ ကိုယ်အပူချိန်တက်တာ၊ အဖျားတက်တာ၊ အရေပြား ယားယံတာ၊မျက်လုံးနီတာ၊ ခန္ဒာကိုယ်ကိုက်ခံတာ နဲ့ ပုံမှန်မဟုတ်တဲ့ ကြွက်သားနာကျင်တာတွေအပြင် ခေါင်းကိုက်တဲ့ လက္ခဏာတွေ ခံစားရတယ်လို့လည်း ဆိုပါတယ်။

အဲဒီအခြေအနေတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ကို လာရောက်လည်ပတ်ကြမယ့် မြန်မာနိုင်ငံသားတွေ ကြိုတင်တားဆီးကာကွယ် ထားနိုင်ဖို့အတွက် သတိပေးချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

လောလောဆယ် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူရဲ့ အခြေအနေကိုတော့ ဆေးရုံကတဆင့် မေးမြန်းထားပေမယ့် ကာယကံရှင်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုနိုင်ဖို့ ခွင့်ပြုချက်မရသေးပဲ ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသားကို အကူအညီပေးနိုင်ဖို့အတွက် မြန်မာကောင်စစ်ဝန်ရုံးက တွေ့ဆုံခွင့်တောင်း ဆိုထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ချင်းမိုင်မြို့ကို ကိုယ်ဝန်ဆောင် မိခင်တွေ မလာဖို့ သတိပေးကြေ ညာ  ချင်းမိုင်မြို့ကို ကိုယ်ဝန်ဆောင် မိခင်တွေ မလာဖို့ သတိပေးကြေ ညာ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.