ထိုင်းနိုင်ငံတောင်ပိုင်း ရထားတစ်စင်းပေါ် ဗုံးပေါက်ကွဲ၊ လူတစ်ဦးသေ


 ဘန်ကောက် ။ စက်တင်ဘာ ၄ ။ ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာနီမြို့မှာ စနေနေ့က ရထားတစ်စင်းပေါ် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရထားဝန်ထမ်းတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သည် ဖြစ်ရပ်ဟာ ထိုင်းအစိုးရနဲ့မွတ်စလင်ခွဲထွက်ရေးသမားတွေကြားငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ပြီး နောက်တစ်ရက် မှာဖြစ်ခဲ့တာပါ။

သည်ဗုံးကို ပတ္တာနီ၊ ခေါ့ဖိုးခရိုင်က ရထားလမ်းအောက်မှာမြှုပ်ထားတာဖြစ်ပြီး နောက်ဆုံးရထားတွဲပျက်စီး သွားတယ်လို့ ရဲမှူး ပရိုမုတ်ဂျီချွိုင်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။

သည်ပေါက်ကွဲမှုကြောင့် ရထားတွဲတစ်ဝက်ပျက်စီးသွားပြီး ရထားလမ်းအောက်မှာလည်းအပေါက်ကြီးတစ်ခု ဖြစ်သွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ရထားလုပ်သားနှစ်ဦးနဲ့အမျိုးသမီးခရီးသည်တစ်ဦးအပါအ၀င် လူသုံးဦးဒဏ်ရာရသွားပါတယ်။ သည်ရထားဟာ ဘန်ကောက်မြို့ကိုဦးတည်ခုတ်မောင်းတဲ့ရထားပါ။

ထိုင်းအစိုးရနဲ့မွတ်စလင်ခွဲထွက်ရေးသမားတွေကြား ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အောင်မြင်မှုမရဘဲ ပြီးဆုံး ခဲ့ပေမယ့် ထပ်ပြီးတွေ့ဆုံဖို့တော့ သဘောတူညီချက်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တိုက်ခိုက်မှုတစ်သီကြီးဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ သည်သောင်းကျန်းသူအဖွဲ့က ငြင်းဆိုထားပါတယ်။

သည်လိုတိုက်ခိုက်မှုအများစုလိုပဲ အခုတိုက်ခိုက်မှုကိုလည်း ဘယ်အဖွဲ့ကမှ တာဝန်မယူသေးပါဘူး။

ချိုလေးငယ်
ref: Reuters ( Sep 3, 2016 )
Kumudra
https://www.facebook.com/newsKumudra/

ထိုင်းနိုင်ငံတောင်ပိုင်း ရထားတစ်စင်းပေါ် ဗုံးပေါက်ကွဲ၊ လူတစ်ဦးသေ   ထိုင်းနိုင်ငံတောင်ပိုင်း ရထားတစ်စင်းပေါ် ဗုံးပေါက်ကွဲ၊ လူတစ်ဦးသေ Reviewed by THITHTOOLWIN on 12:23 Rating: 5
Powered by Blogger.