အထည်ချုပ်လုပ်ငန်းများ အခြေအနေမကောင်း၊ စက်ရုံအချို့ ပိတ်ရမည်ကို စိုးရိမ်နေရကြောင်း ဥက္ကဋ္ဌဦးမြင့်စိုး ပြောကြား


မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများ လက်ရှိတွင် အခြေအနေမကောင်းဘဲ စက်ရုံအချို့ပိတ်ရမည်ကို စိုးရိမ်ပူပန်နေရကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးက စက်တင်ဘာ ၁၂ ရက်တွင် News Watch သို့ ပြောသည်။

''လက်ရှိက စက်တင်ဘာ၊ အောက်တိုဘာမှာ အော်ဒါမှာယူမှုနည်းနေတယ်။ အချိန်ပိုတွေ မလုပ်နိုင်သလို စက်ရုံတွေလည်း စိတ်ပူနေကြတယ်။ အဓိက,က EU စီးပွားရေးမကောင်းတာပေါ့။ UK နိုင်ငံ EU က ထွက်မယ်ဆိုတဲ့ကိစ္စတွေဖြစ်ကတည်းကပေါ့။ ခုကတော့ ရွှေပေါက်ကံဘက်က စက်ရုံတရုံပိတ်တယ်။ အချို့ စက်ရုံတွေဆို အလုပ်သမားတွေကို လခမပေးနိုင်လို့ ၃ ခါလောက်ခွဲပေးနေရတယ်'' ဟု ၎င်းက ဆိုသည်။

လာမည့် ဆယ်နှစ်ကာလအတွင်း ပြည်တွင်းအထည်ချုပ်လုပ်ငန်းမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ မျှော်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် စက်ရုံပေါင်း ၁၅၀၀ ကို ရင်းနှီးမြှုပ်နှံလည်ပတ်စေချင်ကြောင်း CMP မှ FOB စနစ်သို့ ပြောင်းလဲဖို့လိုကြောင်း ဦးမြင့်စိုးက ဆက်လက်ပြောသည်။
''ယခု ပြည်တွင်းက အထည်ချုပ် စက်ရုံတွေက လက်ခစားစနစ်ပဲရှိတယ်။ ပြည်ပက သွင်းကုန်တွေပေါ် လုပ်ငန်းရှင်တွေက မှီခိုနေရတယ်။ အလုပ်အကိုင် အခွင့်အလမ်းပိုများဖို့ CMP စနစ်ကနေ FOB စနစ်ကို ပြောင်းလဲဖို့ပြောနေတာကြာပြီ။ အခုအစိုးရသစ်ကတော့ ဒါနဲ့ပတ်သက်ပြီး ပြောနေလုပ်နေကြတာတော့ ရှိပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။

အထည်ချုပ်လုပ်ငန်းများကို လက်ခစားစနစ် CMP မှ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ပြည်ပနိုင်ငံများသို့ ထုတ်လုပ်သည့် FOB စနစ်သို့ ပြောင်းလဲရန်လိုကြောင်း သိရသည်။ လက်ရှိတွင် အစိုးရသစ်တက်လာသည့် ၂၀၁၆ အတွင်း အထည်ချုပ်လုပ်ငန်းများ အော်ဒါမှာယူမှုနည်းနေခြင်းကြောင့် စက်ရုံအချို့ရှိ အလုပ်ရှင်အလုပ် သမားများ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် စိုးရိမ်နေကြောင်းသိရသည်။ ပြည်တွင်း၌ လည်ပတ်နေသော အထည်ချုပ် စက်ရုံပေါင်း ၉၀၀ နီးပါးနှင့် အလုပ်သမား သုံးသိန်းခွဲခန့်ရှိပြီး အထည်တင်ပို့မှုပမာဏ ပို့ကုန် တန်ဖိုးမှာ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ၊ ၂၀၁၅ ခုနှစ်တွင် ၁ ဒသမ ၆၅ ဘီလီယံထိ မြင့်တက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်မူ ယခင်နှစ်များ၏ ပို့ကုန်တန်ဖိုးထက် လျော့ကျဖွယ်ရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မောင်ထက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အထည်ချုပ်လုပ်ငန်းများ အခြေအနေမကောင်း၊ စက်ရုံအချို့ ပိတ်ရမည်ကို စိုးရိမ်နေရကြောင်း ဥက္ကဋ္ဌဦးမြင့်စိုး ပြောကြား  အထည်ချုပ်လုပ်ငန်းများ အခြေအနေမကောင်း၊ စက်ရုံအချို့ ပိတ်ရမည်ကို စိုးရိမ်နေရကြောင်း ဥက္ကဋ္ဌဦးမြင့်စိုး ပြောကြား Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.