ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်များ၏ စာရင်းစကောက်ပြီ


ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်အတွင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျူးကျော်နေထိုင်သူများ၏ စာရင်းကို စက်တင်ဘာ ၂ ရက်မှ စတင်ကာ ၁၅ ရက်အတွင်းအပြီးကောက်ယူသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇောလှက News Watch သို့ စက်တင်ဘာ ၁ ရက်တွင် ပြောသည်။

''ရပ်ကွက်-၁၄၁ကိုအရင်စကောက်မယ်။ အဲဒီနေရာက ကျူးတွေများတယ်။ စက်မှုဇုန်တွေရှိတဲ့နေရာမှာ ကျူးကျော်နေကြတာ။ ဒီရပ်ကွက်က ကျူးကျော်တွေကို (၁၇)ရပ်ကွက်က ယာယီအုပ်ချုပ်ထားတယ်။ ၁၄၁ ပြီးရင် ၁၄၂၊ ၁၄၃ ရပ်ကွက်တွေအား လုံးကို ၃ ရက်အတွင်း ပြီးအောင်ကောက်မယ်။
၁၇ ရပ်ကွက်အပါအ၀င် ရပ်ကွက်တွေအားလုံးမှာ အိမ်ခြေ ၈၂၂ အိမ်နဲ့ လူဦးရေ ၃၁၂၂ ယောက်ရှိပါတယ်။ ၁၅ ရက်နေ့အပြီးဆိုပေမယ့် ၁၆ ရက်တော့ ခန့်မှန်းထားတယ်'' ဟု ၎င်းကပြောသည်။

ယင်းကျူးကျော်စာရင်းများ ကောက်ယူရာတွင် သက်ဆိုင်ရာရပ်ကွက်၊ မြို့နယ်၊ ခရိုင်တို့မှ ကြီးကြပ်မည်ဖြစ်ပြီး စာရင်းကောက်ယူရေးအဖွဲ့ ၃၀ ဦး၊ ကွန်ပျူတာစာရင်းသွင်းသူ ၁၈ ဦးတို့ဖြင့် ယာယီကောက်ခံထားသော ကျူးကျော်စာရင်းများအတိုင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ အောင်သိဒ္ဓိဓမ္မာရုံသို့ခေါ်ယူကာ ကောက်ခံသွား မည်ဖြစ်ကြောင်း ဦးကျော်ဇောလှက ပြောသည်။ ကျူးကျော်နေထိုင်သူများ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် ကျူးကျော်နေထိုင်ရသည့် အကြောင်းရင်းများကို စာရင်းကာက်မည်ဖြစ်ကြောင်းနှင့် ဒဂုံမြို့သစ်တောင်ပိုင်း ရှိရပ်ကွက် ၂၁ တွင် သက်ဆိုင်ရာထွေ/ အုပ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကောက် ယူထားသည့် ကနဦး စာရင်းအရကျူးကျော် နေအိမ်ပေါင်း ၄၆၅၄ လုံးနှင့် လူဦးရေ ၁၈၉၄၇ ဦးရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများစာရင်းကိုကောက်ယူမည်ဖြစ်ပြီး မှန်ကန်မှုရှိ၊ မရှိ စိစစ်သွားကာ ၎င်းတို့၏ ဘ၀ပြန်လည်ထူထောင်ရေးအတွက် အမှန်တကယ်နေထိုင်စရာမရှိသူများကို နေထိုင်စရာစီစဉ်ပေးမည်ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားထားသည်။

''အားလုံးစာရင်းကောက်ပြီးတာနဲ့ စာရင်းသွင်းမှာ၊ ကွန်ပျူတာစာရင်းလည်း သွင်းမယ်။ အဲဒါပြီးရင် အစိုးရအဖွဲ့က ဘာညွှန်ကြားမလဲ မသိသေးဘူး။ သူတို့ကို ဘယ်လိုစီစဉ်ပေးမလဲ မပြောနိုင်သေးဘူး'' ဟု ဦးကျော်ဇောလှက ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်များ၏ စာရင်းစကောက်ပြီ  ဒဂုံမြို့သစ်တောင်ပိုင်း ကျူးကျော်များ၏ စာရင်းစကောက်ပြီ Reviewed by THITHTOOLWIN on 19:06 Rating: 5
Powered by Blogger.