လက်ကိုင်ဖုန်း အသုံးပြုသူများအနေဖြင့် SIM Card များ မှတ်ပုံတင်သုံးစွဲရန်နှင့် မှတ်ပုံတင်ခြင်းမရှိက ယာယီရပ်စဲမည်


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနသည် အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ အများပြည်သူ များအနေဖြင့် မိုဘိုင်းဖုန်း အသုံးပြု၍ mobile banking၊ mobile money၊ online shopping စသည့်ကိစ္စရပ်များ ပြုလုပ်ရာတွင် အသိအမှတ်ပြုပစ္စည်း(Identi- fication Device) တစ်ခုအနေဖြင့် ဆက်စပ်အသုံးပြုနိုင်ရန်၊ SIM Card ပျက်စီး၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည်ရရှိ သုံးစွဲနိုင်ရန်တို့အတွက် မိုဘိုင်းဖုန်း သုံးစွဲသူများ၏ SIM Card များကို စနစ်တကျ မှတ်ပုံတင်၍သုံးစွဲခြင်း (SIM Card Registration)စနစ်အား စီစဉ်ဆောင်ရွက်လျက်ရှိသည်။

SIM Card များ Registration ပြုလုပ်ခြင်းသည် ပြည်သူလူထု တစ်ရပ်လုံး ပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးလျက်ရှိသည့် အော်ပရေတာများသို့လည်း SIM Card များ မှတ်ပုံတင်ခြင်း (SIM Card Registration) ကိစ္စအား မဖြစ်မနေ ပြုလုပ်ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်စေခဲ့ပြီး ဖြစ်သည်။

SIM Card များ Registration ပြုလုပ်ရန်အတွက် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် (သို့မဟုတ်)အခြား အကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ Passport No (နိုင်ငံခြားသားများ အတွက်သာ)၊ အဆိုပါ ကတ်ပြားများ မိတ္တူ၊ အဘအမည်၊ မွေးသက္ကရာဇ် (ရက်/လ/ခုနှစ်)၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာ တို့ လိုအပ်မည်ဖြစ်သည်။

ယခင်မှတ်ပုံတင်ပြီး SIM Card များအနေဖြင့် လက်ရှိသုံးစွဲသူအမည် မှန်ကန်ခြင်းမရှိလျှင်သော် လည်းကောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားရှိသော်လည်း မိမိကိုယ်တိုင်သုံးစွဲခြင်း မရှိတော့လျှင်သော်လည်းကောင်း သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူအမည်နှင့် အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

သို့ဖြစ်၍ မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိမိတို့အသုံးပြုလျက်ရှိသည့် SIM Card များအား သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ခြင်း ပြုလုပ်ကြပါရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့်SIM Card များအား ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးခြင်း ယာယီရပ်စဲသွားမည်ဖြစ်ပြီး စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ပြန်လည် သုံးစွဲခွင့် ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies
လက်ကိုင်ဖုန်း အသုံးပြုသူများအနေဖြင့် SIM Card များ မှတ်ပုံတင်သုံးစွဲရန်နှင့် မှတ်ပုံတင်ခြင်းမရှိက ယာယီရပ်စဲမည်  လက်ကိုင်ဖုန်း အသုံးပြုသူများအနေဖြင့် SIM Card များ မှတ်ပုံတင်သုံးစွဲရန်နှင့် မှတ်ပုံတင်ခြင်းမရှိက ယာယီရပ်စဲမည် Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.