MAT နဲ့ AAC အဖွဲ့ကို မြန်မာလုပ်ကိုင်ခွင့် မပေးတော့လို့ဆို

မြန်မာရွှေ့ပြောင်း အလုပ်သမားနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ်က တွေ့ဆုံစဉ်  
ထိုင်းနိုင်ငံရောက် ​မြန်မာ ​အလုပ်သမားတွေကို ​အကူအညီပေးနေတဲ့ ​အလုပ်သမားဖွဲ့ ​နှစ်ခုကို ​မြန်မာ ​အစိုးရက ​လုပ်ငန်း ​လုပ်ကိုင်ခွင့် ​မပေးတော့ဘူးလို့ ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရောက် ​မြန်မာနိုင်ငံသားများအဖွဲ့ ​MAT ​နဲ့ ​မဟာမိတ်ကော်မတီအဖွဲ့လို့ ​ခေါ်တဲ့ ​AAC ​အဖွဲ့တို့ကို ​မြန်မာ ​အစိုးရက ​လုပ်ကိုင်ခွင့် ​မပေးတော့တာလို့ ​ဆိုပါတယ်။

အဲဒီနှစ်ဖွဲ့စလုံးဟာ ​ထိုင်းနိုင်ငံမှာ ​မြန်မာ့အလုပ်သမားအရေး ​ဆောင်ရွက်ဖို့ ​ခွင့်ပြုချက် ​ရရှိထားတာ ​ဖြစ်ပါတယ်။

အဲဒီအဖွဲ့ ​နှစ်ခုက ​မကြာသေးခင်တုန်းကပဲ ​မြန်မာနိုင်ငံက ​အလုပ်သမား ​အေဂျင်စီ ​တချို့ကြောင့် ​အလုပ်သမားတွေ ​ဒုက္ခရောက်ရသလို ​ထိုင်းနဲ့ ​မြန်မာ ​အလုပ်သမားရေးရာတွေအကြား ​ထားရှိတဲ့ ​MoU ​တွေကြောင့်လည်း ​ဒုက္ခရောက်ရတာမျိုး ​ရှိတယ်လို့ ​သတင်းစာ ​ရှင်းလင်းပွဲ ​ပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလို ​သတင်းစာ ​ရှင်းလင်းပွဲ ​ပြုလုပ်ပြီးတဲ့နောက်ပိုင်း ​ထိုင်းအလုပ်သမား ​ဝန်ကြီးဌာန ​ကိုယ်စားလှယ်တွေရဲ့ ​မေးခွန်းထုတ်မှုကို ​ခံခဲ့ရသလို ​မြန်မာ ​အစိုးရကလည်း ​လုပ်ကိုင်ခွင့် ​လိုင်စင် ​ပိတ်ပင်လိုက်တဲ့အတွက် ​လုပ်ငန်းတွေ ​ရပ်ဆိုင်းထားရတယ်လို့ ​AAC ​အဖွဲ့က ​ရိုက်တာ ​သတင်းကို ​ပြောသွားခဲ့ပါတယ်။  

နိုင်ငံခြားရေး ​ဝန်ကြီးဌာနက ​အရာရှိ ​တစ်ဦးကတော့ ​ဒီလို ​ဖြစ်ရတာဟာ ​အလုပ်သမားရေး ​ဆောင်ရွက်တဲ့ ​လှုပ်ရှားသူတွေအကြား ​အဆင်မပြေမှုတွေကြောင့်သာ ​ဖြစ်ပြီး ​အစိုးရအနေနဲ့ ​လိုင်စင် ​ရုတ်သိမ်းတာ ​မဟုတ်ဘူးလို့ ​တုန့်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ​ထိုင်းနိုင်ငံကနေ ​ပြန်လာပြီးနောက်ပိုင်းနဲ့ ​ထိုင်းနိုင်ငံမှာ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေမူကြမ်းနဲ့ ​ပတ်သက်ပြီး ​လူထုဆန္ဒခံယူပွဲ ​မတိုင်ခင်နဲ့ ​ဆန္ဒခံယူပွဲ ​အပြီးတွေမှာ ​ထိုင်းနိုင်ငံရောက် ​အလုပ်သမားတွေ ​အကြောင်းအမျိုးမျိုးပြပြီး ​ဖမ်းဆီခံရတာတွေ ​ရှိနေတယ်လို့လည်း ​အလုပ်သမားအရေး ​ဆောင်ရွက်သူတွေက ​ပြောဆိုနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
MAT နဲ့ AAC အဖွဲ့ကို မြန်မာလုပ်ကိုင်ခွင့် မပေးတော့လို့ဆို MAT နဲ့ AAC အဖွဲ့ကို မြန်မာလုပ်ကိုင်ခွင့် မပေးတော့လို့ဆို Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.