KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အစထိမှန်၍ ကျောင်းဆရာမ တစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ၊ နေအိမ် ၃ လုံးမီးလောင်ပျက်စီး


နေပြည်တော် ၊ သြဂုတ် - ၁၆

KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၂၀ ဦးခန့်သည် သြဂုတ် ၁၅ ရက် နံနက် ၉ နာရီခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဆိုင်းဖရာကျေးရွာအတွင်း ဖြန့်ခွဲနေရာယူ၍လည်းကောင်း၊ ထပ်မံ၍ အင်အား ၈၀ ဦးခန့်သည် ခွန်ဆိုင်ဇွပ်ကျေးရွာ နှင့် ကပ်မှော်ဇွတ်ကျေးရွာအကြား ကာမိုင်း-ဖားကန့်လမ်းပိုင်း၌ နေရာယူ၍လည်းကောင်း တပ်မတော်စစ်ကြောင်းများအား နှောက်ယှက်တိုက်ခိုက်ရန်နှင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များထံမှ ဆက်ကြေးကောက်ခံရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်စဉ် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်၌ တံတားညီနောင်ကျေးရွာအနီး KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၃၀ ဦးခန့်က စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ အရှေ့ဘက်နှင့်အရှေ့မြောက်ဘက်သို့ နှစ်ဖွဲ့ခွဲဆုတ်ခွာသွားပြီး တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ ဆိုင်းဖရာကျေးရွာ ဘက်သို့ ထပ်မံဆုတ်ခွာသွားကြသည်။

အလားတူ KIA လက်နက်ကိုင်အဖွဲ့မှ အင်အား ၄၀ ဦးခန့်က မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် နန့်ယားကျေးရွာအနီး တပ်မတော်စစ်ကြောင်းနှင့် နန့်ယားပြည်သူ့စစ်(ဌာနေ) အဖွဲ့များအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆိုင်းဖရာကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။


အဆိုပါဖြစ်စဉ်တွင် KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကြောင့် နေအိမ် ၃ လုံးမီးလောင်ပျက်စီး၍ နန့်ယားအခြေခံပညာ အထက်တန်း ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်ရူပါငယ်နှင့် နန့်ယားပြည်သူစစ်(ဌာနေ)အဖွဲ့မှ မောင်သူရဦးတို့သည် လက်နက်ကြီးအစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လက်နက်ကြီးအစထိမှန်ဒဏ်ရာရရှိခဲ့သူ ၂ ဦးအား တပ်မတော်စစ်ကြောင်းမှ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မြစ်ကြီးနားမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အစထိမှန်၍ ကျောင်းဆရာမ တစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ၊ နေအိမ် ၃ လုံးမီးလောင်ပျက်စီး KIA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အစထိမှန်၍ ကျောင်းဆရာမ တစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ၊ နေအိမ် ၃ လုံးမီးလောင်ပျက်စီး Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.