ဖားကန့် လမ်းမပေါ် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်


ဖားကန့်လမ်းမပေါ် မိုးကောင်း နှင့် ကားမိုင်းကြား ယနေ့ နံနက် ၉နာရီကျော်မှ တဖန် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲ ဖြစ်ပွားနေပါသည်။

ဂါးမတက် (Ga Matep) 'စာပို့တွဲ (Laika Galai shara)' ဆိုသည့် နေရာတွင် တပ်မတော် စစ်ကြောင်းများ လမ်းလျှောက်ဖြတ်သွားစဉ် KIA တပ်ရင်း (၆) တပ်ဖွဲ့များ မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်လာသည်။

ထိုခိုက် သေဆုံးမှု သတင်း မသိရသေးပါ။ အစိုးစစ်ကြောင်းတွင် ဒေသခံ ရှမ်းနီ ပြည်သူ့စစ် များလည်း ပါဝင်ကြောင်း သိရသည်။

ခဆန် (Hka San) ဘုန်းကြီးကျောင်းရှိ အစိုးရတပ်များမှ KIA တပ်များရှိရာ ဂါးမတက်တောင် (Ga Matep Bum) ကို လက်နက်ကြီးများဖြင့် အပြင်းအထန် တုံ့ပြန် ပစ်ခတ်နေသည်ဟု ဒေသခံများ ပြောပါသည်။

ယင်း နေရာမှာပဲ လွန်ခဲ့သော နှစ်ရက်၊ သြဂုတ် ၈ ရက်နေ့က 'အရပ်ဝတ်နှင့် ရဲ ယူနီဖေါင်းများ' ဖြင့် ဖားကန့်သို့ တက်လာသည့် တပ်မတော် ယာဉ်တန်းကို KIA မှ တိုက်ခိုက်ခဲ့သည်။

အစိုးရတပ်များသည် မိုးကောင်း-ဖားကန့်လမ်းမပေါ်နှင့် ဘယ်ညာ လမ်းမအထဲပိုင်းထိ နေရာယူထားကြပြီး ကားမိုင်း ဗျူဟာကုန်းတွင်လည်း စစ်အင်အား အများအပြား ရှိနေကြောင်း သိရသည်။

ကားမိုင်း စစ်ဗျူဟာကုန်းတွင် အစိုးရ စစ်အင်အား အမြဲ အားဖြည့် လျှက်ရှိပြီး ၎င်းမှတဆင့် ဖားကန့်နှင့် ဟူးကောင်း ဒေသ နှစ်ခုသို့ စစ်ကူ၊ စစ်ကြောင်းများ ပို့လျှက်ရှိသော အဓိက တံခါးပေါက် တခု ဖြစ်သည်။

နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်နေချိန် ဖားကန့်လမ်းမပေါ် ဒေသခံ ပြည်သူများသည် အစိုးရတပ်များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ညှင်းပန်းနှိပ်စက်မှုများ ခံနေရသည်ဟု ဒေသခံများ ဆိုပါသည်။

Kachin News Group
http://burmese.kachinnews.com
ဖားကန့် လမ်းမပေါ် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်  ဖားကန့် လမ်းမပေါ် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ် Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.