မြစ်ဆုံစီမံကိန်း အနှေးနှင့်အမြန် ပြန်လည်စတင်မည်ဖြစ်ကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသား


တရုတ်အစိုးရအာဘော်ဖြစ်သည့် Global Times သတင်းစာက ယနေ့ (သြဂုတ် ၁၉)တွင် “လက်တွေ့အကျိုးမျှော်ဝါဒကြောင့် မြစ်ဆုံစီမံကိန်း ပြန်စရန် မျှော်လင့်ချက်ရောင်ခြည်သန်းလာ”ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်ကို ဖော်ပြသည်။

၎င်းအယ်ဒီတာ့အာဘော်တွင် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏တရုတ်ပြည်ခရီးစဉ်အတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ရှောင်လွှဲမရ ပြောဆိုဆွေးနွေးရမည်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြစ်ဆုံစီမံကိန်းအား ပြန်လည်လေ့လာဆန်းစစ်ရန် အထူးကော်မတီတခုကို သြဂုတ် ၁၂ ရက်က ဖွဲ့စည်းပေးလိုက်ခြင်းသည် စီမံကိန်းပြန်လည်စတင်မည့် အရိပ်လက္ခဏာပင်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်အတွင်း၌ စီမံကိန်းနှင့်ပတ်သက်၍ ယတိပြတ်အဖြေတခု ထွက်ပေါ်လာမည်မဟုတ်လင့်ကစား နှစ်ဦးနှစ်ဘက် လက်တွေ့ကျကျ ဆွေးနွေးအဖြေရှာမည်ဆိုပါက၊ အနောက်မီဒီယာများ၏ ကြားဝင်စွက်ဖက်မှုမှ ကင်းလွတ်ပါက မြစ်ဆုံဆည်စီမံကိန်းသည် အနှေးနှင့်အမြန် ပြန်လည်စတင်လိမ့်မည်ဟု ရေးသားထားသည်။

ယင်းအပြင် ကမ္ဘာ့ ၁၅ ခုမြောက်အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းကြီးကို ဆောက်လုပ်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံ၏လျှပ်စစ်ဓါတ်အား မလုံလောက်မှုပြဿနာကို တပါတည်း ဖြေရှင်းပေးနိုင်မည့်အပြင် ပိုလျှံသည့်လျှပ်စစ်ဓါတ်အားကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ မြစ်ဆုံသည် မြန်မာ့စီးပွားရေးတွင် အဓိကကျသည့် စီမံကိန်းတခုဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားမည်ဟု ပြောကြားထားရာ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာပြည်သူများ နားလည်သဘောပေါက်အောင် သူမအနေနှင့် အကျိုးကြောင်းသင့် ရှင်းလင်းတင်ပြလိမ့်မည်ဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းသည် တရုတ်နှင့် မြန်မာစစ်အစိုးရအကြား သဘောတူလက်မှတ်ထိုးရေးထိုးခဲ့ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်းကာလတွင် မြစ်ဆုံသည် မီဒီယာများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုခံရခြင်းမှာ ရှောင်လွှဲမရနိုင်ကြောင်း ဆက်လက်ရေးသားသည်။

တရုတ်က ယူအက်စ်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကုန်ကျခံ၍ဆောက်လုပ်မည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကြီးမားသော သဘာဝပတ်ဝန်ကျင်ဆိုင်ရာ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သဖြင့် ယခင်အစိုးရလက်ထက်က သမ္မတဦးသိန်းစိန်၏လက်မှတ်ဖြင့် ၂၀၁၁ ခုနှစ်က ရပ်ဆိုင်းထားခဲ့ပြီး ရှေ့မတိုးနောက်မဆုတ် အခြေအနေတွင် ရှိနေသည်။ မြစ်ဆုံစီမံကိန်းမှထွက်ရှိမည့် လျှပ်စစ်ဓါတ်အားပမာဏ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံအတွက် သုံးစွဲမည်ဖြစ်ရာ စီမံကိန်းကို မူလသဘောတူညီချက်များအတိုင်း ပြန်လည်စတင်နိုင်ရန် တရုတ်က လိုလားလျက်ရှိသည်။

ထို့နောက် မြန်မာ့သယံဇာတများကို ဂုတ်သွေးစုပ်သည်ဟုဆိုကာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးလှိုင်းတခု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းမှာ လွဲမှားသောထင်မြင်ချက်သာဖြစ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ကနဦးကာလ၌ ဖြစ်ပေါ်တတ်သော ပြည်သူများ၏စိတ်ခံစားချက်နှင့် အနောက်မီဒီယာများ၏ ကြိုးဆွဲသွေးထိုးမှု၏ရလဒ်သာဖြစ်ကြောင်း၊ ယခုမူ နိုင်ငံရေးတည်ငြိမ်မှု ရှိလာပြီဖြစ်ကြောင်းများ ရေးသားထား၍ နိဂုံးပိုဒ်တွင်“မြစ်ဆုံစီမံကိန်းကို နိုင်ငံရေးရှုထောင့်မှ ကြည့်ရှုသုံးသပ်ရန် မလိုအပ်တော့ပေ။ စီးပွားရေးအကျိုးစီးပွားက အဓိကဖြစ်လာချေပြီ။ ကမ္ဘာ့အခြားနေရာများတွင်လည်း အစိုးရအပြောင်းအလဲကြောင့် ရပ်ဆိုင်းခံထားရသော တရုတ်စီမံကိန်းကြီးများ ပြန်လည်စတင်နိုင်ခဲ့ပြီဖြစ်သည်။ မြစ်ဆုံစီမံကိန်းသည်လည်း ထို့အတူပင်ဖြစ်လိမ့်မည်”ဟု ရေးသားထားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြစ်ဆုံစီမံကိန်း အနှေးနှင့်အမြန် ပြန်လည်စတင်မည်ဖြစ်ကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသား  မြစ်ဆုံစီမံကိန်း အနှေးနှင့်အမြန် ပြန်လည်စတင်မည်ဖြစ်ကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသား Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.