DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်မှူးနားမကြား သေဆုံး


ကရင်ပြည်နယ်အတွင်း တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော တိုးတက်သော ဗုဒ္ဓ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်(DKBA- နားမကြားအဖွဲ့) မှ တပ်ခွဲမှူး တစ်ဦးဖြစ်သူ ဗိုလ်မှူး နားမကြားသည် သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း ယင်းအဖွဲ့က အတည်ပြု ပြောဆိုသည်။

အဆိုပါ အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ နှုတ်ထွက်ထားသည့် ခေါင်းဆောင်း ဟောင်းများ ဦးစီးပြီး အသစ်ဖွဲ့စည်း ထားခြင်း ဖြစ်ကာ ကရင်ပြည်နယ်အတွင်း တပ်မတော် နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသည်။


ဗိုလ်မှူးနားမကြားသည် သြဂုတ်လ ၂၉ ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဓားခုတ်ခံ ရမှုဖြင့် သေဆုံးခြင်းဖြစ်ပြီး ၎င်းသေဆုံးမှုသည် တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း DKBA ခွဲထွက် အဖွဲ့မှ ငြိမ်းချမ်းရေး အ ကျိုးတော်ဆောင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“တစ်ခြားအဖွဲ့ တစ်ဖွဲ့နဲ့ ပြဿနာတက်ထားတာရှိတယ်။ အဲဒီကနေပြီးတော့ ဆင်ဦးစီး တစ်ယောက်က ဓားနဲ့ ခုတ်လိုက်တာ၊ အဲဒါနဲ့ပဲ ဆုံးသွားတာပါ” ဟု ၎င်းကဆိုသည်။
သို့သော်လည်း အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို DKBA ခွဲထွက် အဖွဲ့မှ တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

ထို့အပြင် သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်BGF ပူးပေါင်းအဖွဲ့ နှင့် DKBA ခွဲထွက် အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ဓါတ်ပုံ ။  ။ Thein Kyaw (facebook)

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်မှူးနားမကြား သေဆုံး  DKBA ခွဲထွက်အဖွဲ့မှ ဗိုလ်မှူးနားမကြား သေဆုံး Reviewed by THITHTOOLWIN on 00:03 Rating: 5
Powered by Blogger.