တောင်ဒဂုံမှာ ရဲတပ်ဖွဲ့ ဝင်ကို ဓါးနဲ့ လိုက်ထိုးသူအား သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး

အရက်သေစာသောက်စားကာ ရပ်ရွာအတွင်း တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် ဓါးများကိုင်ဆောင်ရမ်းကားပြီး ရဲတပ်ဖွဲ့ဝင်များအား ခုခံရန်ပြုသူကို သေနတ်ဖြင့်ပစ်ခတ်ထိန်းသိမ်း
ရန်ကုန်၊ သြဂုတ် ၁၁

၁၁.၈.၂၀၁၆ ရက်နေ့ ၁၅၃၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ အောင်တံခွန်လမ်းတွင် အမျိုးသားတစ်ဦး အရက်သေစာသောက်စားပြီး ဓါးကိုင်ရမ်းကားနေကြောင်းကို ရဲစခန်းသို့ တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းသတင်းပေးပို့ခဲ့သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ လှည့်ကင်း မီးတန်းယာဉ်တာဝန်ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များနှင့် ရဲစခန်းနယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ ၎င်းမှာ အဆိုပါလမ်းနေ သက်ခိုင်ဝင်း၊ (၃၅)နှစ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များကိုတွေ့သဖြင့် နေအိမ်အတွင်းသို့ဝင်ပြေးသွား၍ ထိန်းသိမ်းနိုင်ရေးဆောင်ရွက်ခဲ့ရာ ၎င်း၏၀ဲ/ယာလက်နှစ်ဖက်တွင် ကိုင်ဆောင်ထားသည့် အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်(၂)ချောင်းဖြင့် ရဲတပ်ဖွဲ့ဝင်များကို လိုက်လံထိုးခဲ့သဖြင့် ၎င်းအား အသာတကြည်အဖမ်းခံရန် ဖြောင်းဖျပြောဆိုခဲ့ပါသည်။

ထိုသို့ပြောဆိုသော်လည်း ၎င်းမှ အသာတကြည်အဖမ်းမခံဘဲ ဓားဖြင့် လိုက်လံထိုးသဖြင့် ရဲတပ်ဖွဲ့မှ Pump Action ပြောင်းချောသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်တားမြစ်ခဲ့ပြီး ထပ်မံဖြောင်းဖျပြောဆိုသော်လည်း
နာခံမှုမရှိဘဲ ထပ်မံရန်ပြုတိုက်ခိုက်လာသဖြင့် ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်းအား ပစ်ခတ်ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။

ယင်းသို့ ပစ်ခတ်ထိန်းသိမ်းခဲ့ရသဖြင့် သက်ခိုင်ဝင်း၏၀ဲပေါင်အားထိမှန်ခဲ့ပြီး ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ ရဲဆေးစာဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျှက်ရှိပါသည်။

၎င်းသည် ယခင်ကလည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင်ပြုလုပ်သဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင်(ပ)၁၀၁၈/၂၀၁၆၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ၅(၁)(စ)(ဆ)ဖြင့်အရေးယူခံခဲ့ရပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးသို့တရားစွဲတင်ခဲ့ရာ ပြစ်မှုထွေအမှတ်(၁၃၁/၂၀၁၆)ဖြင့် လက်ခံစစ်ဆေးပြီး ၇.၇.၂၀၁၆ ရက်နေ့က ၁၅ ရက်တစ်ကြိမ် ရဲစခန်းတွင် လက်မှတ်ရေးထိုးရန်နှင့် (၆)လအတွင်း ကောင်းမွန်စွာနေထိုင်ရန် စီရင်ချက်ချမှတ်ခံထားရသူ တစ်ဦးဖြစ် ကြောင်း သိရှိရပါသည်။

ယင်းသို့ တာဝန်ဝတ္တရားဆောင်ရွက်သော ရဲတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများအား တာဝန်ဝတ္တရားမဆောင်ရွက်နိုင်လောက်အောင် ဟန့်တားရန် လက်ရောက်မှုကျူးလွန်ခဲ့သူ သက်ခိုင်ဝင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၁၅၆၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့်လည်းကောင်း၊ (ပ)၁၅၆၉/ ၂၀၁၆၊ လက်နက်များအက်ဥပဒေပုဒ်မ-၁၉(င)ဖြင့်လည်းကောင်း၊ခြေချုပ်အမိန့်အားဖောက်ဖျက်သဖြင့် (ပ)၁၅၇၀/၂၀၁၆၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၃၀(၁)(က) ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
တောင်ဒဂုံမှာ ရဲတပ်ဖွဲ့ ဝင်ကို ဓါးနဲ့ လိုက်ထိုးသူအား သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး  တောင်ဒဂုံမှာ ရဲတပ်ဖွဲ့ ဝင်ကို ဓါးနဲ့ လိုက်ထိုးသူအား သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.