ရခိုင်ပြည်နယ်လွှတ်တော်က အဆိုနှစ်ရပ်ကို အတည်ပြု


နိရဉ္စရာ၊ သြဂုတ် ၅

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့သော ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်အတိုင်း စိစစ်ရေးအဆိုနှင့် ဘင်္ဂလီကို နဂိုရှိရင်းစွဲ အတိုင်း ဘင်္ဂလီအဖြစ် ခေါ်ဝေါ်သုံးနှုန်းရေး  အဆိုနှစ်ရပ်လုံးကို ယနေ့ လွှတ်တော်တွင် ကန့်ကွက်သူမရှိအတည်ပြုလိုက်သည်ဟု သတင်းရရှိသည်။

ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ၎င်းအဆိုနှစ်ရပ်ကို လွှတ်တော် တတိယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် ထောက်ခံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“လွှတ်တော်အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့တဲ့ အဆိုတွေဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်အတိုင်း စိစစ်ရေးအဆို၊ နောက်အဆိုတစ်ခုက ဘင်္ဂလီကို နဂိုရှိရင်းစွဲ အတိုင်း ဘင်္ဂလီအဖြစ် ခေါ်ဝေါ်သုံးနှုန်းရေးအဆိုကို ဒီနေ့ လွှတ်တော်မှ ထောက်ခံ ဆွေးနွေးကြပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ” ဟု သူကပြောသည်။

ပထမအဆို ရခိုင်ကမ်းရိုးတမ်းတွင် ငါး၊ ပုဇွန် ရှားပါးလာသဖြင့် ကမ်းနီး၊ ကမ်းဝေး သင်္ဘောများအား စည်းကမ်းချက်များနှင့် အညီ စိစစ်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းမှ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယ အဆို ဘင်္ဂလီကို နဂိုရှိရင်းစွဲအမည်အတိုင်း ခေါ်ဝေါ်သုံးနှုန်းရေးအဆိုကို  ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းတို့က အဆို တင်သွင်း ခဲ့ကြခြင်းဖြစ်ပြီး  ၎င်း အဆိုကို ယနေ့တွင် ဦးဇော်ဇော်မြင့်၊ ဦးဖိုးစံ (ကျောက်ဖြူ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂)၊ ဦးကျော်ဇောဦး (စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် ၂)၊ ဦးကျော်လွင် နှင့် ဂွမြို့နယ်မှ အမတ် တစ်ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


ပထမအဆိုနှင့်ပတ်သက်၍ အဆိုရှင်က တင်သွင်းရာတွင် ကမ်းနီးကမ်းဝေး ငါးဖမ်းခြင်းများကို စိစစ်မှုမရှိဘဲ နဂိုအတိုင်းလုပ်ဆောင်ခွင့်ပြုထားပါက နောင် ၅ နှစ်တွင် ငါးမျိုးပြုန်းတီးမှုနှင့် ရင်ဆိုင်နိုင်ရကြောင်း နော်ဝေးနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ပြောကြားကြောင်း၊ အခြားဒေသမှ လာရောက်ပြီး ငါးဖမ်းကြသည့် သင်္ဘောများသည် စံဝင်ငါးများကို ရခိုင်ပြည်နယ်တွင် ရောင်းချခြင်းမရှိဘဲ အခြားဒေသသို့ တင်ပို့သဖြင့် ရခိုင်ပြည်နယ်တွင် စားသုံးသူများအခက်တွေ့နေရကြောင်း၊ ယင်းအပြင် စံမ၀င်သော ငါးငယ်များကို ဆောင်းရာသီနှင့် နွေရာသီတွင် ဘဲစာ၊ ကြက်စာအဖြစ် အသုံးပြုရန် နေလှမ်းကြသော်လည်း မိုးရာသီတွင် မြစ်ထဲသို့ သွန်ချလိုက်သဖြင့် စားသုံးသူများ လက်ထဲသို့ မရောက်ဘဲ ဆုံးရှုံးခဲ့ရ၍ မြန်မာ့ရေတပ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့က စိစစ်အရေးယူဖို့ လိုအပ်ကြောင်း တင်ပြခဲ့သည်။

ဒုတိယအဆိုနှင့်ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့ထုတ် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘင်္ဂလီ လူမျိုးများကို ဘင်္ဂလီရိုဟင်ဂျာဟု ဖေါ်ပြခြင်းမပြုဘဲ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဟု ခေါ်ဝေါ်သုံးနှုန်းရန်ထုတ်ပြန်ခြင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် လူ့အခွင့်အရေး ကိုယ်စားလှယ်ကလည်း ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံတွင် ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်းဟု လည်းကောင်း သုံးနှုန်းခဲ့ခြင်းသည် သူတို့၏ မူလလာရာ လမ်းကြောင်းကို ဖျောက်ဖျက်လိုက်ခြင်းသာဖြစ်ပြီး ရခိုင်ပြည်နယ်သည်ပင်လျှင် သူတို့၏ မူရင်းဒေသအဖြစ် သဘောသက်ရောက်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ပြီး မူလရှိရင်းစွဲအတိုင်း ဘင်္ဂလီဟု အသုံးပြုဖို့ အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသွားခဲ့သည်။

လွှတ်တော်အစည်းအဝေး ပထမနေ့က အဆို ၂ ရပ်လုံးကို အတည်နိုင်ပြုခဲ့သော်လည်း မေးခွန်းများ မေးမြန်းရာတွင် သက်ဆိုင်ရာ ၀န်ကြီးများက မေးခွန်းအားလုံးလိုလိုတွင် တိတိကျကျ ဖြေကြားခြင်းမရှိ၍ အားရကျေနပ်မှုမရှိဟု ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ
http://www.narinjara.com/burmese/
ရခိုင်ပြည်နယ်လွှတ်တော်က အဆိုနှစ်ရပ်ကို အတည်ပြု  ရခိုင်ပြည်နယ်လွှတ်တော်က အဆိုနှစ်ရပ်ကို အတည်ပြု Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.