ခါးပိုက်နှိုက်အဖွဲ့အား ရဲနှင့် ပြည်သူပူးပေါင်းဖမ်းဆီး


ရန်ကုန် ဩဂုတ် ၁၈

ဩဂုတ် ၁၇ ရက် နံနက် ၁၁ နာရီခန့်က မြို့တွင်းမှ ကြည့်မြင်တိုင်ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် ယာဉ် (၂၁၃) ပေါ်၌ အမျိုးသမီးတစ်ဦး ထံမှ လက်ကိုင်ဖုန်းနှိုက်ယူသည့် ခါးပိုက်နှိုက်အဖွဲ့အား ကြည့်မြင်တိုင် မြို့နယ် ပန်းလှိုင်လမ်းအတွင်း ရဲနှင့်ပြည်သူ ပူးပေါင်းဖမ်းဆီးခဲ့သည်။

ဖြစ်စဉ်မှာ ဆေးကုမ္ပဏီ ဝန်ထမ်းအမျိုးသမီးတစ်ဦးသည် မြို့တွင်းမှ ကြည့်မြင်တိုင်အနောက်ပိုင်း ဆေးရုံ ရှေ့သို့ ခရီးသည်တင်ယာဉ် (၂၁၃) ဖြင့် လိုက်ပါလာရာ ယာဉ်ပေါ်၌ အမျိုး သားငါးဦးက ၎င်းအနီး လွန်စွာကပ်လာ သည့်အတွက် ဝှိုက်ဟောမှတ်တိုင် တွင်ဆင်းပြီး စစ်ဆေးရာ ၎င်း၏အမျိုး သမီးကိုင်အိတ်မှာ ဇစ်ပွင့်နေပြီး အထဲရှိ လက်ကိုင်ဖုန်းပါ ပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။

ထို့အတွက် စီးလာသည့် ခရီးသည် တင်ယာဉ်နောက်သို့ အငှားယာဉ်ဖြင့် လိုက်ခဲ့ရာ ယာဉ်ပေါ်၌တွေ့ရသော လူငယ်ငါးဦးမှာ ဟုမ်းလမ်းမှတ်တိုင်၌ ဆင်းပြီး ပန်းလှိုင်လမ်းအတွင်း လျှောက် သွားသည်ကို တွေ့ရသည့် အတွက် ပတ်ဝန်းကျင်အား အကူအညီတောင်း ဝိုင်းဝန်းဖမ်းဆီးစဉ် သတင်းအရရောက် ရှိလာသည့် လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များ ကပါ ပူးပေါင်းဖမ်းဆီးခဲ့ကြသည်။

ဝိုင်းဝန်းဖမ်းဆီးသည့်ကြားမှ နှစ်ဦးကသာဖမ်းမိခဲ့ပြီး သုံးဦး ထွက်ပြေးသွားခဲ့သည်။ ဖမ်းမိသူနှစ်ဦးအား ကြည့်မြင်တိုင် မြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ် ဖြိုးဝေမင်းနှင့် အဖွဲ့ကစစ်ဆေးရာ ခါးပိုက် နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိထားသူ အောင်ကိုလတ်နှင့် ဇော်လင်း(ခ)ကုလား (ခ)ကပ္ပလီတို့ဖြစ်ကြောင်း ယင်းနေ့နံနက် ပိုင်းကလည်း ထွက်ပြေးသွားသူအောင်မိုး၊ ဝေဖြိုး၊ အငယ်ကောင်တို့နှင့်အတူ ခရီးသည်တင် လိုင်းကား (၁၉၉)ပေါ်၌ လက်ကိုင်ဖုန်းတစ်လုံးကို နှိုက်ယူခဲ့ ကြောင်း သိရသည်။

ဖမ်းမိသူတို့အား ရှာဖွေရာ ခရီး သည်များထံမှ နှိုက်ယူထားသည့် လက်ကိုင်ဖုန်းရှစ်လုံးနှင့် ငွေကျပ် ၇၀၀၀ ကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည်။ ဖမ်းမိသူနှစ်ဦးနှင့် ထွက်ပြေးသွား သူတို့အပေါ် ကြည့်မြင်တိုင်မြို့မ ရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ် ဖြိုးဝေမင်းက တရားလိုပြုလုပ်၍ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်းလေး(ကြည့်မြင်တိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ခါးပိုက်နှိုက်အဖွဲ့အား ရဲနှင့် ပြည်သူပူးပေါင်းဖမ်းဆီး ခါးပိုက်နှိုက်အဖွဲ့အား ရဲနှင့် ပြည်သူပူးပေါင်းဖမ်းဆီး Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.